တနင်္သာရီမြို့နယ်၌ မီးသတ်ဦးစီးဌာနမှ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

တနင်္သာရီ မေ ၁၈

တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့တွင် ယနေ့နံနက်ပိုင်းက တနင်္သာရီမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇင်ဦးချိုနှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် လူနေအိမ်၊ စျေးဆိုင်များနှင့် လုပ်ငန်းဌာနများတွင် မီးသတ်ဆေးဘူးများ ထားရှိအသုံးပြုနိုင်မှု၊ လျှပ်စစ်မီးကြိုးများစနစ်တကျသုံးစွဲထားရှိမှု၊ မီးလောင်လွယ်သည့် ပစ္စည်းများ စနစ်တကျသိုလှောင်ထားရှိမှုနှင့် မီးဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့် အခြေအနေများအားစစ်ဆေးကာ လိုအပ်သည်များကို အသိပညာပေး လမ်းညွှန်ဆောင်ရွက်ကြောင်း သိရသည်။

ထိုကဲ့သို့ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်မှုများသည် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ပြီး မီးဘေးအန္တရာယ်ကင်းရှင်းသော လူမှုအသိုက်အဝန်းတစ်ရပ်ပေါ်ပေါက်လာစေရေးအတွက် အရေးပါသော လုပ်ငန်းစဉ် ဖြစ်ကြောင်း သိရှိရသည်။

တနင်္သာရီ(ပြန်/ဆက်)