ပုလော မေ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပုလောဘဏ်ခွဲ၌ နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀)ကာလအတွင်း ဆောင်ရွက်မည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ၂၀၂၆ - မိုး(စပါး) စိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးခြင်း အခမ်းအနားကို မေ ၁၈ ရက် နံနက်ပိုင်းက ပုလောမြို့နယ်ဘဏ်ခွဲ၌ ကျင်းပသည်။
အခမ်းအနားတွင် ာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပုလော(ဘဏ်ခွဲ) မြို့နယ်မန်နေဂျာ ဒေါ်ကြူကြူအေးက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်တွင်ရှိကြောင်း၊ နိုင်ငံသားအားလုံးတို့၏ စားနပ်ရိက္ခာ၊ လိုအပ်ချက်ဖူလုံရေးနှင့် အာဟာရပြည့်ဝရေး၊တောင်သူများ၏ ဝင်ငွေနှင့်လူမှုစီးပွားအပြည့်အဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ယှဉ်ပြိုင်တင်ပို့နိုင်ရေး အကောင်အထည်ဖော်ရန်အတွက် မိုး(စပါး)စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးသည်။
ပုလောမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း(၁၀၀)အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ၂၀၂၆ - မိုး(စပါး)စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူ (၁၅၉)ဦးကို တစ်ဧကလျှင် ငွေကျပ်(၃)သိန်းနှုန်းဖြင့် လယ်ဧက ၁၀၂၀ အတွက် သိန်းပေါင်း ၃၀၆၀ ကို ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပုလော (ပြန်ဆက်)