လွိုင်ကော် ဇန်နဝါရီ ၁၈
ကယားပြည်နယ် လူမှုဝန်ထမ်းရုံးအနေဖြင့် အမျိုးသမီးများ တတ်မြောက်သင့်သည့် အသက်မွေးဝမ်း ကျောင်း ပညာရပ်များ သင်ကြား ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရပ်ရွာအခြေပြု အခြေခံစက်ချုပ် သင်တန်း ဒုတိယအကြိမ် ဖွင့်လှစ်ခြင်းကို လွိုင်ကော် မူလတန်း ကြိုကျောင်း သင်တန်းခန်းမဆောင်၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းတွင် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြှင့်ဇော်က အမျိုးသမီးများ အနေဖြင့် မိမိကိုယ်ကို မိမိရပ်တည်နိုင်ရန်အတွက် ယုံကြည်ချက်ရှိရန်နှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ တတ်မြောက်ထားရန် လိုအပ်ကြောင်း၊ သိသင့် သိထိုက်၊ တတ်သင့် တတ်ထိုက်သည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာရပ်များ တတ်မြောက်ပါမှ ရပ်ရွာတွင် ရဲရဲဝင့်ဝင့် လျှောက်လှမ်း နိုင်မည်ဖြစ်ကြောင်း၊ အခြေခံစက်ချုပ်သင်ပေးတဲ့အပြင် ဗဟုသုတရရှိစေဖို့ အမျိုးသမီး အကြမ်းဖက်ခံရမှု ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသမီးဘဝ မြှင့်တင်ရေးနဲ့ ကျားမရေးရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးပို့ချပေးသွားမှာဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များအား အသုံးပြုပြီး မိသားစု စားဝတ်နေရေး ပြေလည်စေရန်နှင့် ကျေးရွာအတွင်း ဆင်းရဲနွမ်းပါးမှုများ လျော့ချနိုင်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ အခြေခံပညာစက်ချုပ်သင်တန်းကို ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ကဲမြန်မာအဖွဲ့တို့ ပူးပေါင်းပြီး သင်တန်းသူ ၁၅ ဦးတို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အခမဲ့ တစ်လတာ သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်လူမှုဝန်ထမ်းရုံး အနေဖြင့် အခြေခံစက်ချုပ် သင်တန်းများအပြင် ပန်းအလှပြင်သင်တန်း၊ ဇာထိုးပန်းထိုး သင်တန်း၊ အချက်အပြုတ်နဲ့ ယိုစုံလုပ်ငန်း၊ မှုန့်မျိုးစုံလုပ်ငန်းတွေကို ဆက်လက်ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်ကြောင်း ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြှင့်ဇော်ထံမှ သိရှိရသည်။
အောင်ထွန်းလေး