ပခုက္ကူမြို့၊ For Life ဘုန်းတော်ကြီးကျောင်း၌ နွေရာသီအင်္ဂလိပ်စကားပြော(အခမဲ့) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ပခုက္ကူ မေ ၁၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ For Life ဘုန်းတော်ကြီးကျောင်း၌ နွေရာသီအင်္ဂလိပ်စကားပြော(အခမဲ့) သင်တန်းဆင်းပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့ For Life ဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တခေမာစာရက သင်တန်းဆင်းအမှာစကားပြောကြားပြီး အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲ အကဲဖြတ်ဒိုင်လူကြီးများကိုယ်စား Mother Land  Language School Founder ဒေါ်နှင်းနှင်းဝေက ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းစည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ Junior Reading, Basic Level, Intermating Level, Senior Reading စသည့် အတန်းများအလိုက် အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား ကျောင်းထိုင်ဆရာတော်နှင့် နည်းပြဆရာ/ဆရာမများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြရာ သင်တန်းသား/သင်တန်းသူများက တေးသီချင်း၊ အကအလှများဖြင့် ဂုဏ်ပြုသီဆိုကပြဖျော်ဖြေကြသည်။

အဆိုပါသင်တန်းကို ၂၀၂၆ခုနှစ်၊ မတ်လ(ပထမအပတ်)မှ မေလ ၁၇ ရက်အထိ အတန်းအမျိုးအစားအလိုက် Listening Skill, Speaking skill, Writing skill, Reading Skill စသည့် ဘာသာရပ်များကို စနစ်တကျသင်ကြားလေ့ကျင့်ပေးခြင်းဖြစ်ကြောင်း၊  သင်တန်းတွင် သင်တန်းသား/ သင်တန်းသူ (၃၅၅)ဦး တက်ရောက်ကြပြီး မေလ ၁၆ ရက်နေ့တွင် အင်္ဂလိပ်စကားပြောစွမ်း ရည်ပြိုင်ပွဲကျင်းပခဲ့ကြောင်း၊ ၂၀၁၀ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့အထိ သင်တန်းသား/သင်တန်းသူ သုံးသောင်းကျော် မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပြီး ပြည်ပနိုင်ငံများတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိသူ ၁၀၀နီးပါးခန့်၊ အခြေခံပညာကျောင်းများနှင့်အဆင့်မြင့် တက္ကသိုလ်များတွင် ဝင်ရောက်လုပ်ကိုင်သူ ၂၀ ဦးခန့်ရှိကြောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တခေမာစာရထံက သိရ သည်။

ဘာမီသာ(ပခုက္ကူ)