ကလိန်အောင် မေ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြုံတွေ့လာရပါက ထိရောက်ဆုံးနှင့် လွယ်ကူဆုံးတုံ့ပြန်ဖြေရှင်းနိုင်ရန်နှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ ယနေ့ နံနက် ၁၀ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကလိန်အောင်မြို့ နယ်မြေမီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးမျိုးဆွေဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြို့အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ပြည်သူ့ဆေးရုံတို့တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်ဝိုင်ယာများနှင့် လျှပ်စစ်ပစ္စည်းများ၊ မီးဖိုများ၊ ရေအိုး/ရေစည်/ရေကန်များ စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျ ငြှိမ်းသတ်ကြရန်ပြောကြားခဲ့ပြီးနောက် မီးသတ်ဆေးဗူးအသုံးပြုနည်းနှင့် ကိုင်တွယ်နည်းများကို ဌာနဆိုင်ရာဝန်ထမ်းများအား ရှင်းလင်းပြောကြားခဲ့ကြောင်း နယ်မြေမီးသတ်စခန်းမှ ဒု-ဦးစီးမှူး ဦးမျိုးဆွေဦးထံမှ သိရသည်။
ကလိန်အောင်(ပြန်/ဆက်)