မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အခြေခံလေကြောင်းလူငယ်သင်တန်းသားများအား တွေ့ဆုံအားပေးကာ ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်

မကွေး မေ ၁၈

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်း က နေပြည်တော်သို့ လေ့လာရေးခရီးသွားရောက်ကြမည့် အခြေခံလေကြောင်း လူငယ်သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားပြီး ဂုဏ်ပြု ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံလေကြောင်း လူငယ်သင်တန်းကိုတက် ရောက်ခွင့်ရရှိသည့် လူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချသင်ယူရသောကြောင့် နောင်တစ်ခေတ်ရဲ့ခေါင်းဆောင်လူငယ်များဖြစ်ကြပြီး၊ အသိပညာ၊ အတတ်ပညာရပ် ပိုင်းဆိုင်ရာများကို တစ်စိတ်တစ်ဒေသ အထောက်အကူပြုစေမှာဖြစ်ကြောင်း၊ ယခုသွားရောက်မည့် နေပြည်တော်သို့ ရောက်ရှိစဉ် နေပြည်တော်မြို့၌ ရှိသည့် ဗဟုသုတရရှိစေမည့် နေရာများကို လေ့လာရေးသွားရောက်ကြရမှာဖြစ်ပြီး၊ လူငယ်များအနေဖြင့် ကမ္ဘာမှာ အရေးပါလာသည့် ဒီလေကြောင်းသိပ္ပံပညာရပ်များကို ကြိုးစားအားထုတ်သင်ယူလေ့လာသွားဖို့မှာ ကြားလိုကြောင်းပြောကြားကာ လေဆိပ်တွင် သင်တန်းသားတစ်ဦးချင်းစီအား ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး လေ့လာရေး ခရီးစဉ်ထွက်ခွာမည့် လေကြောင်းလူငယ်သင်တန်းသားများအား နှုတ်ဆက်အားပေးစကား ပြောကြားသည်။

အဆိုပါ အခြေခံလေကြောင်း လူငယ်သင်တန်း (မကွေး)ကို ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်း၍ သင်တန်းသား (၅၀)ဦးအား ဧပြီလ (၂၇) ရက်နေ့မှ မေလ (၁၅) ရက်နေ့အထိ ရက်သတ္တ(၃)ပတ်ကြာ (စနေနေ့အပါအဝင်) မကွေးလေတပ် စခန်းဌာနချုပ် (မကွေးသင်တန်းစခန်း) တွင် စခန်းသွင်း သင်ကြားပို့ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)