သံတောင်ကြီးမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေး

သံတောင်ကြီး ဇန်နဝါရီ ၁၈

ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်စီမံကိန်းအား ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ ကျေးရွာ (၆၇)ရွာတွင် ယူနစ်(၅၁)ယူနစ်ဖြင့် စတင်အကောင်အထည်ဖော်လျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက နန်းချိန်ခွင် ကျေးရွာ၊ ငွေတောင်ကြီးကျေးရွာနှင့် ကျွဲဖြူတောင် ကျေးရွာတို့တွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ပြန်လည်ထုတ်ချေးခြင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ကော်မတီအဖွဲ့ဝင်အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရန် ဆက်လက်ဆောင်ရွက်ကြရန်၊ စာရင်းဇယားများ ပြည့်စုံစွာဖြည့်သွားထားရန်၊ အသင်းသားများကလည်း ချေးငွေဖြင့် လုပ်ငန်းများ အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း အရင်းအတိုးများ ပြန်လည်ပေးဆပ်နိုင်ရန်အတွက် ဆွေးနွေးပြောကြားခဲ့ပြီး အဆိုပါ ကျေးရွာများရှိ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အသင်းသားများအား မြစိမ်းရောင်ရန်ပုံ ငွေများပြန်လည် ထုတ်ချေးပေးခဲ့သည်။

အဆိုပါ မြစိမ်းရောင်ရန်ပုံငွေထုတ်ချေးခြင်းကို သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း၊ ဒုတိယဦးစီးမှူး ဒေါ်အေးသန္တာမြင့်နှင့် ဝန်ထမ်းများက သွားရောက်ကြီးကြပ်ဆောင်ရွက်ပြီး  ၎င်းမြစိမ်းရောင်ရန်ပုံငွေဖြင့် အသင်းသားများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)