ဘားအံ မေ ၁၇
၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)ဘားအံဇုန်ပွဲစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုဘောလုံးအသင်းများအား ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ကြိုဆိုမိတ်ဆက်သည့် အခမ်းအနားကို မေလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အဆိုပါဘောလုံးပြိုင်ပွဲ အုပ်စု(က)ဘားအံဇုန်တွင် ကရင်ပြည်နယ်အသင်း၊ ရခိုင်ပြည်နယ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းတို့သည် မေလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့ထိ ဘားအံမြို့၊ ဇွဲကပင်အား ကစားကွင်းကြီး၌ အုပ်စုပတ်လည်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး အဆိုပါအသင်းများက ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား တစ်သင်ချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)ပွဲစဉ်များကို ဘားအံမြို့တွင် ကျင်းပပြုလုပ်ခွင့် ရမှုအပေါ်များစွာဂုဏ်ယူမိပြီး ဘောလုံးအသင်းများကိုလည်း လှိုက်လှိုက်လှဲလှဲကြိုဆိုပါကြောင်း၊ ကရင်ပြည်နယ်သို့ရောက် ရှိနေထိုင်စဉ်အတွင်း တိုင်းရင်းသားညီအစ်ကိုများ၏ ချစ်စရာကောင်းသည့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ဗဟုသုတ အဖြစ်လေ့လာသွားကြစေလိုပြီး ပြိုင်ပွဲဝင်အသင်းများ သွားလာနေထိုင်စားသောက်ရေးကိစ္စရပ်များကို အစစအရာရာ အဆင်ပြေပြေ စီမံဆောင်ရွက်ထားရှိပါကြောင်းနှင့် စိတ်ချမ်းမြေ့စွာဖြင့် ပြိုင်ပွဲကြီးအား ယှဉ်ပြိုင်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု အားကစားအသင်းများအား အမှတ်တရ လက်ဆောင်များပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြ၍ လက်ဖက်ရည်ပွဲ(Tea Party)ဖြင့် တည်ခင်းဧည့်ခံကာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုအားကစားအသင်းများမှ အားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
ကရင်ပြည်နယ် ဘားအံမြို့မှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က)ဘားအံဇုန်၏ အဖွင့်ပွဲစဉ်အဖြစ် မေလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် ကရင်ပြည်နယ်အသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ မေလ ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ မေလ ၂၂ ရက်နေ့တွင် စစ်ကိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်အသင်း၊ မေလ ၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ် အသင်းနှင့်ရန်ကုန်တိုင်းဒေသကြီးအသင်း၊ မေလ ၂၅ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်း၊ မေလ ၂၆ ရက်နေ့တွင် ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်းနှင့် အုပ်စုပွဲစဉ်အပြီး ရှုံးထွက်ပွဲစဉ်များကို ရန်ကုန်မြို့ရှိ အားကစားကွင်းများတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)