တနင်္သာရီတိုင်း‌ဒေသကြီးဝန်ကြီးချုပ်‌ ကော့သောင်းမြို့ လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု

 ကော့သောင်း   မေ   ၁၇

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည်  တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မေ(၁၇)ရက် နံနက်ပိုင်းက ကော့သောင်းမြို့လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကော့သောင်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဆောင်ရွက်မှုများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ လေဆိပ်ခန်းမဆောင်တွင် လေဆိပ်ဆိုင်ရာအချက်အလက်များနှင့် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းနိုင်ရေး လေယာဉ်ပြေးလမ်း အရှည် ပေ  ၆၀၀၀ ၊  အကျယ် ပေ ၁၅၀အား  အရှည် ပေ ၈၀၀၀‌ ၊  အကျယ် ပေ ၁၅၀) ရရှိသည်အထိ ပြေးလမ်းမြောက်ဘက်သို့ တိုးချဲ့ခြင်း လုပ်ငန်းများ၊ ကော့သောင်းလေဆိပ်ကုန်စည်အဆောက်အဦ (ပေ ၁၂၀× ၆၀)တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်‌နေမှုအခြေအနေများအား ကော့သောင်းလေဆိပ်တာဝန်ခံက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သတ်မှတ်ကာလ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကော့သောင်းမြို့နယ် ၁၀ မိုင်ကျေးရွာအုပ်စု၊ ပါဆယ်ပါညန်း ကျေးရွာရှိ Southern Coastline Group Co.,Ltd ၏ နေရောင်ခြည်စွမ်းအင်သုံး (၁၀) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့သွားရောက်၍ တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ်  ပေါင်းစပ် ညှိနှိုင်းကာ   နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှု တို့ကို ကြည့်ရှုခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရွှေပြည်သာဓာတ်အားပေးစက်ရုံသို့ သွားရောက်၍  ကော့သောင်းမြို့အတွင်း ဖိုးသီးချို(PTC) ကုမ္ပဏီ၏ ဒီဇယ်အင်ဂျင် ဓာတ်အားပေးစက်များနှင့် (SCG) ဆိုလာဓာတ်အားပေးစက်ရုံတို့ ပေါင်းစပ်မောင်းနှင်၍ ဓာတ်အားဖြန့်ဖြူးနေမှုအခြေအနေများအား လိုက်လံကြည့်ရှုကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရွှေပြည်သာကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမျှော်၍ သာသနာရေးဆိုင်ရာများ မေးမြန်းလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)