မယ်စဲ့ ဇန်နဝါရီ ၁၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက် နိုင်ရန်အတွက် ရွေ့ပြောင်းတောင်ယာ လုပ်ကိုင်နေမှုနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာများက ယနေ့ နံနက် ၉ နာရီက ပန်တိန်းကျေးရွာ ခန်းမဆောင်၌ ကျေးရွာနေပြည်သူများနှင့် ဆွေးနွေးညှိနှိုင်းခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက ကျေးရွာနေ ပြည်သူများအနေဖြင့် ရွေးပြောင်း တောင်ယာ လုပ်ကိုင် နေခြင်းမှ အတည်တကျ စိုက်ပျိုးလုပ်ကိုင်သည့် တောင်ယာများ ဖြစ်လာစေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ လျော့နည်းလာစေရန်အတွက် ကျေးရွာ ပြည်သူများပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးလုပ်ငန်းအတွက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ရေး တို့ကို ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှိုက ကျေးရွာနေပြည်သူများ အနေ ဖြင့် စားဝတ်နေရေး အတွက် တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်နေကြသော်လည်း အနာဂတ် သားစဉ်မြေးဆက်များအား တောင်ယာ လုပ်ငန်းကိုသာ လက်ဆင့်မကမ်းစေလို ကြောင်းနှင့် ပညာရေးကို အလေးပေးဆောင်ရွက်စေလိုကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ကော်မတီများ ဖွဲ့စည်းပြီး တောင်ယာလုပ်ငန်းကို အမှန်တကယ် လုပ်ကိုင်နေသူ များအား စနစ်တကျ လုပ်ကိုင် နိုင်စေလိုကြောင်း၊ သစ်တောမြေများ ခုတ်ထွင်၍ တောင်ယာချဲ့ထွင်ခြင်းများ ပြုလုပ်ပါက သစ်တောဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဌာနဆိုင်ရာများက အသိပညာပေးလုပ်ငန်းများနှင့် ပတ်သက်၍ ကဏ္ဍအလိုက် ရှင်းလင်းပြောကြားခဲ့ရာ ကျေးရွာနေပြည်သူများက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းလျှမ်း(ပြန်/ဆက်)