စေတုတ္တရာမြို့နယ် စေတနာမွန်ငွေစုငွေချေးသမဝါယမအသင်းလီမိတက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

စေတုတ္တရာ မေ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စေတနာမွန်ငွေစုငွေချေးအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် နာရီအချိန်က မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

နှစ်ပတ်လည်အစည်းအဝေးတွင် စေတနာမွန်သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး၌ အသင်း၏ဥက္ကဋ္ဌ ဦးမိုးတင်က သဘာပတိအဖြစ် ဆောင်ရွက်၍ အသင်းအား(၁၉၈၀)ခုနှစ်မှ စတင်ဖြစ်တည်လာပုံနှင့် အသင်း၏ အခြေအနေများအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်ကြည်အောင်က သမဝါယမလုပ်ငန်းစဉ်များ၊ သမဝါယမဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီးနောက် အသင်းအဖွဲ့တာဝန်ရှိသူတို့က အသင်း၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အရှုံးအမြတ်စာရင်း၊ အမြတ်ခွဲဝေစာရင်း၊ ဘဏ္ဍာရေးအခြေပြု လက်ကျန်ရှင်းတမ်းများ၊ အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်၊ ဘဏ္ဍာရေးရှင်းတမ်းများအပေါ် အသင်းဝင်ကိုယ်စားလှယ်များ၏ ဆန္ဒများရယူ၍ သဘာပတိကအတည်ပြုခဲ့သည်။

စေတုတ္တရာမြို့နယ် "စေတနာမွန်" ငွေစုငွေချေးသမဝါယမအသင်းလီမိတက်အနေဖြင့်  အစိုးရဝန်ထမ်းပေါင်းစုံ အသင်းသူ/ သားများအား ယင်းတို့၏ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ အသင်းသားများ၏ စုစောင်းငွေပေါ် တိုး(၂၇၂၄၄၉၂၀၀)ကျပ်အား ပေးအပ်ခဲ့ပြီး အဆိုပါအစည်းအ‌ဝေးသို့ တက်ရောက်လာသည့် အသင်းသား(၂၂၇)ဦးအားလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)