ကန်ကြီးထောင့်မြို့နယ်၌ ရက်(၁၀၀)စီမံချက်အရ ကျွဲ၊ နွားကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကန်ကြီးထောင့် မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်အရ ကျွဲ၊ နွားကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မေ ၁၆ ရက်နေ့ နံနက်ပိုင်းက ဆိတ်ကြီးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးအောင် ဦးဆောင်၍ ဝန်ထမ်းများက ဆိတ်ကြီးကျေးရွာအတွင်း၌ မွေးမြူထားရှိသည့် ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သည့် လည်ချောင်းကွဲရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါများအတွက် ကာကွယ်ဆေးများထိုးနှံခဲ့ရာ စုစုပေါင်း ကျွဲ၊ နွား ၈၀ ကောင်အား ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ကြောင်း၊ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်း၊ မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းနှင့် နို့စားနွားတိုးချဲ့မွေးမြူခြင်းကြောင့် ရရှိလာသည့် အကျိုးအမြတ်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်။

အလားတူ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးအောင် ဦးဆောင်၍ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ တိရစ္ဆာန်အစာအရောင်းဆိုင်များနှင့် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများလည်း ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)