ရေတာရှည် မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာရဲထွန်းဝင်းသည် ဝန်ထမ်းများ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အသားကဏ္ဍထုတ်လုပ်မှုမြှင့်တင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းအပြင် မွေးမြူရေးလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသော မွေးမြူသူတောင်သူများမှ တင်ပြသည်များကို ပြန်လည်ဆွေးနွေးခဲ့သည်။ ထို့နောက် မြောက်နန်ချွန်ရှိ ဦးဟန်မြင့်စော၏ ဥစားကြက်မွေးမြူရေးခြံသို့ ကွင်းဆင်းကြည့်ရှုပြီး မွေးမြူရေးလုပ်ငန်းကိုပိုမို တိုးတက်မွေးမြူသွားရန် မှာကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ဌာနဆိုင်ရာများ မွေးမြူသူတောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)