မင်းဘူးမြို့၌ မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ့နုဂ္ဂဟစာမေးပွဲ စာအောင်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မင်းဘူး မေ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၆ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့သော စာအောင်သံဃာတော်များနှင့် သီလရှင်တို့အား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းခြင်း (စူဠဘွဲနှင်းသဘင်) အခမ်းအနားကို အမှတ်(၃)ရပ်ကွက်၊ သာသနာ့ဗိမာန်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး မြို့နယ်သြဝါဒါစရိယ ရွှေတွင်းကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တသာသနက ငါးပါးသီလချီးမြှင့်တော်မူကာ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့သည့် ပရိတ်တရားတော်များကို နာယူခဲ့ကြသည်။

ထို့နောက် နာယကဆရာတော်ကြီးများနှင့် စာမေးပွဲတွင် အောင်မြင်ခဲ့သည့် ပထမကြီးတန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းတို့၌ စာအောင်ရဟန်းသာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ် ၁၃၀ ဦးတို့အား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေါက်တာသန်းထိုက်ရှိန်နှင့်ဇနီး ဒေါ်ကလျာပပလှိုင် (နဂါးနီစီးပွားရေးလုပ်ငန်းစု)တို့က ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေးကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

‌ဇေယျာနိုင်(ရွှေကန်မြေ)