မကွေးတက္ကသိုလ်တွင် Google Classroom အသုံးပြု သင်ကြားရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

မကွေး မေ ၁

ယနေ့ခတ်တွင် ဒီဂျစ်တယ်နည်းပညာများတိုးတက်လာမှုနှင့်အတူ သင်ကြားရေးနည်းလမ်းများကိုလည်း ပြောင်းလဲတိုးတက်လာစေရန်ရည်ရွယ်၍ မကွေးတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများအား အွန်လိုင်းနည်းပညာများကို ကျွမ်းကျင်စွာ အသုံးချနိုင်စေရန်နှင့် သင်ကြားမှုအရည်အသွေးပိုမိုမြင့်မားလာစေရန် “Google Classroom” အသုံးပြု၍ အွန်လိုင်းစနစ်ဖြင့် သင်ကြားရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း" (Capacity Building Program on Digital Teaching using Google Classroom) ကို မကွေးတက္ကသိုလ် သုတေသနဌာနစင်တာ (URC)ခန်းမ၌ မေ ၁၅ ရက် နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါသင်တန်းကို မကွေးတက္ကသိုလ်၊ ဘူမိဗေဒဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာ တင်အောင်မြင့် ဦးဆောင်သင်ကြားပေးမည်ဖြစ်ပြီး ဘာသာရပ်ဌာန ၁၅ ခု မှဆရာ/ဆရာမ (၂)ဦး စီ တက်ရောက်သင်ယူကြသည်။ သင်တန်းတွင် Google Classroom အသုံးပြု၍ အွန်လိုင်းအတန်းများ ဖန်တီးခြင်း၊ သင်ခန်းစာများနှင့် Assignment များ ပေးပို့စီမံခြင်း၊ အမှတ်ပေးစနစ်များကို စနစ်တကျဆောင်ရွက်ခြင်း စသည့်ဘာသာရပ်များကို လက်တွေ့အသုံးချနိုင်သည်အထိ ပို့ချပေးသွားမည်ဖြစ်သည်

သင်တန်းကာလကို မေ ၁၅ ရက်မှ  ၁၉ ရက်အထိ ၅ ရက်ကြာသင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းများပြီးဆုံးသည့် အခါသက်ဆိုင်ရာဌာနအသီးသီးတွင် ဆင့်ပွားသင်တန်းများကို မေလကုန်အထိဆက်လက်ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)