ချောက် မေ ၁၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ၃ ဦး၊ အလယ်တန်းအဆင့် ၁၃ ဦး၊ မူလတန်းအဆင့် ၆ ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၂၂) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်မှုအား အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိဆရာ၊ဆရာမတို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို အထိမ်းအမှတ်နေ့တွင် ဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)