ပြည် မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ခွဲတမ်းရစားအုန်းဆီလက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များအား ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်၏ ကြီးကြပ်ဦးဆောင်မှုဖြင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ခရိုင်အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေးအဖွဲ့နှင့် ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်၊ သက်ဆိုင်ရာဌာနများမှအဖွဲ့ဝင်များ၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များသည် စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း Vinyl များ ချိတ်ဆွဲဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ၊ အလေးချိန်မှန်ကန်မှုရှိ/မရှိ၊ အိမ်ထောင်စုအလိုက် စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် ရောင်းချရာတွင်စနစ်တကျရှိစေရေးနှင့်ရရှိသော ဆီပိဿာချိန်များကို ပြည်သူများထံ အမှန်တကယ်ရောင်းချမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။
ပြည်မြို့နယ်အနေဖြင့် မြို့ပေါ်ရပ်ကွက် (၁၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၅) အုပ်စုရှိပြီး အိမ်ထောင်စုတစ်စုလျှင် ဆီစာအုပ်တစ်အုပ်နှုန်းဖြင့် လက်ကားကိုယ်စားလှယ် (၄) ဦး၊ လက်လီ အရောင်း (၅၄) ဦးမှ တစ်လလျှင် ဆီပေပါပေါင်း(၉၆၈) ပေပါဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး နေ့စဉ်ကားဖြင့် ရပ်ကွက်/ကျေးရွာ၊ ဌာနဆိုင်ရာများသို့လည်းကောင်၊ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ဝန်ထမ်းအိမ်ရာများတွင်လည်းကောင်းကျောင်းဖွင့်ကာလများတွင် အပတ်စဉ်အင်္ဂါနေ့တိုင်း တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများသို့ လည်းကောင်း၊ လစဉ် (၂၁) နေ့တိုင်း ပြည်သူ့ ဆေးရုံကြီး၌ ဆေးပြပင်စင်စားဝန်ထမ်းများသို့လည်းကောင်း သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အေးမိုး(ပြန်/ဆက်)