လွိုင်ကော် မေ ၁၆
ကယားပြည်နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းနှင့် NPL ကြွေးကျန်တိုးတက်ကောက်ခံရရှိရေးအတွက် ပြည်နယ်ချေးငွေအကြံပေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝးကို မေလ ၁၄ ရက်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးခန်း၌ဆောင်ရွက်သည်။
ဦးစွာ ပြည်နယ်ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးတင်လှက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ နှုန်းထားတိုးမြှင့်ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်မှ စပါး(၂၆၀၀)ဧကနှင့် အခြားသီးနှံ(၂၇၃၀)ဧကအတွက် ငွေကျပ်(၁၄၆၅၂၅)သိန်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ အချိန်စေ့လွန် (NPL) ချေးငွေကြွေးကျန်များ ကောက်ခံရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လက်ထောက်အထွေထွေမန်နေဂျာက ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရေးနှင့် အချိန်စေ့လွန် (NPL) ကြွေးကျန်ကိစ္စများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အကြံပေးအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကာ ပြည်နယ်အကြံပေးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းအောင် (ပြန်/ဆက်)