ပွင့်လင်းရာသီကာလရောက်ရှိပြီဖြစ်၍ ကျေးရွာနေပြည်သူများ မီးဘေးလုံခြုံရေး မီးသတ်တပ်ဖွဲ့ဝင်များ ကွင်းဆင်း အသိပညာပေး

ပွင့်ဖြူ  ဇန်နဝါရီ ၁၈


မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်း ဒေသခံ ကျေးလက်နေပြည်သူများ မီးဘေးကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ၊ ဇန်နဝါရီ ၁၈ ရက်၊ ယနေ့ နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်သီဟ ၏ လမ်းညွှန်မှုဖြင့် လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေမင်းထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် ကံသာကြီး ကျေးရွာသို့ သွားရောက်ပြီး မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် မီးသတ် ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးနေမင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာနေ ပြည်သူ များနှင့် တွေ့ဆုံ၍ မြို့နယ်အတွင်း မီးလောင်မှုနှင့် မီးလန့်မှု မဖြစ်ပွားစေရေး ၊ မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးငြှိမ်းသတ်ရေးလုပ်ငန်းများ အချိန်မီ ကူညီဆောင်ရွက် နိုင်ရေး ၊ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ လျော့နည်းရေး ၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများ ချက်ပြုတ်ရာတွင် လျှပ်စစ်မီးများ စနစ်တကျ ကိုင်တွယ်အသုံးပြုရေး ၊ ထင်း ၊ မီးသွေးများဖြင့် ချက်ပြုတ်ပါက ချက်ပြုတ် ပြီးသည်နှင့် မီးကြွင်း မီးကျန်များကို စနစ်တကျ ငြှိမ်းသတ်ထားရှိရေး စသည့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့် အချက်များကို အသိပညာပေးရှင်းလင်းဆွေးနွေး ဟောပြောပြီး တစ်အိမ်တက်ဆင်း သွားရောက်ကာ မီးဘေး လုံခြုံ စိတ်ချရမှု ရှိ/မရှိ ၊ အရေးပေါ်မီးငြှိမ်းသတ်ရေးပစ္စည်းများ ဆောင်ရွက်ထားမှု ရှိ/မရှိ တို့ကို ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် ကျေးလက်နေ ပြည်သူများ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းကို စဉ်ဆက်မပြတ် ကွင်းဆင်း ဆောင်ရွက်လျက်ရှိပြီး နယ်မြေအတွင်း သဘာဝဘေးအန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေး အတွက် ကိုလည်း တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ထားရှိပြီး ဇာတ်တိုက်လေ့ကျင့်မှုများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက် ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်သီဟ ထံက သိရသည်။
                                                                                                                                            ရဲဝင်းနိုင် ( ညောင်ဦး )