မြောင်းမြမြို့တွင် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်

မြောင်းမြ မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီဆောင်ရွက်လျက်ရှိရာ မြရတနာရပ်ကွက်နှင့် နဝရတ်လမ်းမကြီးတစ်လျှောက်တွင် မိုးတွင်းကာလ ရေကြီး၊ ရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများက ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဇော်နှင့် တာဝန်ရှိသူတို့က နဝရတ်လမ်းမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အများပြည်သူများ အနားယူအပန်းဖြေနိုင်ရန် အ.ထ.က(၃)ကျောင်းရှေ့ရှိ တြိဂံချောမြေယာရှုခင်း အဆင့်မြင့်တင်ဆောင်ရွက်ခြင်း၊ လမ်းဘေးဝဲ၊ ယာတို့မှ ရေမြောင်းများတွင် မိုးတွင်းကာလ ရေကြီး၊ ရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် စက်ယန္တရားများဖြင့် အနက်နှိုက်တူးဖော်ခြင်း၊ ရေမြောင်းအတွင်းမှ အမှိုက်သရိုက်များ ဆယ်ယူခြင်း၊ မြို့အတွင်းရှိ အခြားလမ်းဘေး ဝဲ၊ ယာများတွင် ဌာနဆိုင်ရာများနှင့် စာသင်ကျောင်းများ စုပေါင်း၍ သန့်ရှင်းရေးများ ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို မြို့နယ်အတွင်း ကျန်ရှိနေသည့်ရပ်ကွက်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများထံမှ သိရသည်။

ဇေယျာ (ပြန်/ဆက်)