ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မြေပဲ (၆၀၆၁) ဧက လျာထားစိုက်ပျိုးမည်

ပွင့်ဖြူ မေ ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံမြေပဲ (၆၀၆၁) ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဆီထွက်သီးနှံမြေပဲ (၆၀၆၁) ဧက စိုက်ပျိုးရန်လျာထားပြီး ဇွန်လပထမပတ်တွင် စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေဖို့၊ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့နဲ့ ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအား မြှင့်တင်နိုင်စေဖို့ရည်ရွယ်ပြီး  ဆီထွက် သီးနှံမြေပဲ (၆၀၆၁) ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ သတ်မှတ်လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်ပေးသွားမှာပါ။ ဆီထွက်သီးနှံမြေပဲ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး တောင်သူတွေ အဆင်ပြေစွာ စိုက်ပျိုးနိုင်အောင် စိုက်ပျိုးရေးနည်းပညာတွေနဲ့ မျိုးကောင်း မျိုးသန့် ရွေးချယ် စိုက်ပျိုးနိုင်အောင် ကူညီဆောင်ရွက်ပေးသွားပါမယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံမြေပဲ စိုက်ပျိုးမည့် တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်များ ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ အထွက်နှုန်းကောင်းသောမျိုးများ စိုက်ပျိုးနိုင်ရေးတို့အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြေပဲကို အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်း ဆီစားသုံးမှု ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သောကြောင့် မြေပဲကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )