ဘုတလင်မြို့နယ်၊ ဆုံကုန်းကျေးရွာ ပြည်သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတွက် အလှူငွေ ၁၄ သိန်းကျော် ပေးအပ်လှူဒါန်း

ဘုတလင်  ဇန်နဝါရီ  ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဆုံကုန်းကျေးရွာမှ ပြည်သူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတွက် အလှူငွေ ၁၄ သိန်းကျော်ကို ဇန်နဝါရီလ ၁၈ ရက်၊ နေ့လည် ၁၂ နာရီခွဲအချိန်က မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် ဆုံကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလှတိုးမောင်နှင့် ရပ်မိရပ်ဖများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် အလှူငွေများကို ကျေးရွာပြည်သူများ စုပေါင်း၍ လှူဒါန်းခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ဇေလင်းနှင့် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ ဦးကျော်မိုးလွင်ထံသို့ အလှူ ငွေကျပ် ၁၄ သိန်း၊ ၂ သောင်းကို ပေးအပ် လှူဒါန်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇေလင်းနှင့် မြို့နယ် စီမံ ခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးကျော်မိုးလွင်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

အဆိုပါအလှူငွေများကို ဆုံကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးလှတိုးမောင်နှင့် ရပ်မိရပ်ဖ များက ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ မြန်မာကျပ်ငွေစာရင်းအမှတ်သို့ ထည့်ဝင် လှူဒါန်းခဲ့ပြီး ဆုံကုန်ကျေးရွာ ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုသည် ဘုတလင် မြို့နယ်အနေဖြင့် ပထမဆုံး ထည့်ဝင် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)