မင်းဘူး(စကု)မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး မြေတိုင်းတာခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မင်းဘူး မေ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အစိုးရသစ် ရက်(၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် ကျေးရွာမြေတိုင်းတာခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ကြာကန်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူး(စကု)မြို့နယ်၊ နယ်နိမိတ်သတ်မှတ်ရေးအရာရှိ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်နှင့် နယ်နိမိတ်ကြပ်မတ်ရေးအရာရှိ မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇင်ကိုအောင်တို့က အနီးကပ်ကြီးကြပ်၍ မြေပြင်ကွင်းဆင်း တိုင်းတာရေးအဖွဲ့များမှ အစိုးရသစ် ရက်(၁၀၀)စီမံချက်ဖြင့် ကြာကန်ကျေးရွာ၌ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးအတွက် GCP (Groung Contral Point) မြေပြင်ထိန်းအမှတ် စိုက်ထူပြီးစီးမှု အခြေအနေနှင့် ကျေးရွာ နယ်နိမိတ်မှတ်တိုင်စိုက်ထူပြီး၊ အဆိုပါ GCP နှင့် နယ်နိမိတ်မှတ်တိုင်များ၏ တည်နေရာကိုဩဒီနိတ် တန်ဖိုးများအားတိုင်တာပြီး ကျေးရွာတွင်း အိမ်ဝိုင်းနယ်နိမိတ်များအား Total Station (Horizon) ဖြင့် မြေတိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်မြေစာရင်း ဦးစီးမှူးတို့မှ သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများ၊ ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)