မင်းဘူး မေ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးလျက်ရှိသော အဓိက သီးနှံများ ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေး သီးနှံမျိုးစေ့များ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ အခမ်းနားသို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ခရိုင်နှင့်မြို့နယ် စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်သီတာလွင်က အဓိကသီးနှံများ ပန်းတိုင်နှုန်းရရှိရေး ဆောင်ရွက်ရမည့်နည်းလမ်းများကို ဆွေးနွေးပြောကြားကာ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးကျော်စိုးလင်းက သီးနှံမျိုးစေ့များ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ရက်(၁၀၀)စီမံချက်ဖြင့် ဒေသတွင်း သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မာရေး၊ မျိုးသန့်ပွားဆောင်ရွက်နိုင်ရေးနှင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေးတို့တွက် စိုက်ပျိုးဆောင်ရွက်မည့် မင်းဘူး(စကု)မြို့နယ်အတွင်းမှ တောင်သူများအတွက် အဓိက သီးနှံမျိုးစေ့များဖြစ်သော စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ချည်မျှင်ရှည်ဝါသီးနှံနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာပြုလုပ်မည့် ပိုက်ဆံလျှော် သီးနှံမျိုးစေ့များအပြင် မြို့နယ်အတွင်း စမ်းသပ်စိုက်ပျိုးမည့် မြေနိမ့်ကော်ဖီ ပျိုးပင်များကို တောင်သူလက်ဝယ်သို့ ပေးအပ်ခဲ့ပြီး မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် စိုက်ပျိုးရာသီတွင် သီးနှံများအားလုံး လျာထားဧက ပြည့်မီစွာ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)