ကျောက်တံခါး မေ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ဆေးလိပ်အတုထုတ်ကုန်များနှင့် အစိုးရအခွန်တံဆိပ်အတုများ အသုံးပြုမှုမရှိစေရေးအတွက် မြို့နယ်စားသောက်ကုန်စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီအချိန်က ကျောက်တံခါးမြို့ပေါ်ရှိ ကုန်စုံအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာနိုင်ငံတွင် အရည်အသွေးမြင့် ဆေးလိပ်အတုထုတ်ကုန်များ တိုးပွားလာနေပြီး နိုင်ငံတကာအဆင့်မီ စီးကရက်များမှထုတ်ကုန်တစ်ခုဖြစ်သော Mevius Original Blue အမှတ်တံဆိပ်ကိုရည်ညွှန်း၍ ထုတ်ကုန်အတုများ ဈေးကွက်အတွင်း တွေ့ရှိလာသည့်အတွက် အဆိုပါဆေးလိပ်အတုထုတ်ကုန်များနှင့် အစိုးရအခွန်တံဆိပ်အတုများ အသုံးပြုပြီး မြို့နယ်အတွင်းရှိ ကုန်စုံအရောင်းဆိုင်များတွင် ရောင်းချမှုမရှိစေရေး မြို့နယ်စားသောက်ကုန်စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မျိုးမင်း (ကျောက်တံခါး)