ထားဝယ်မြို့၌ ရက် (၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းကာလတို အခြေခံနှင့်မွမ်းမံ စက်ချုပ်နည်းပညာသင်တန်း ဖွင့် 

ထားဝယ်  မေ ၁၅

ရက်(၁၀၀)စီမံချက်ဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်း၏ အသက်မွေးဝမ်းကျောင်းကာလတို အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ထားဝယ်ခရိုင် MSME အသင်း ရုံး ၊ DDPC Shopping House ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးစိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ကျော်ကျော်ဦးက စက်ချုပ်လုပ်ငန်းသည် MSME လုပ်ငန်းများတွင် ပါဝင်သောကြောင့်  နိုင်ငံ၏ အဓိကစီးပွားရေးမဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ MSMEလုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်သည်နှင့်အမျှ မိမိနှင့်ဒေသအကျိုးအတွက် အထောက်အကူဖြစ်စေကြောင်း၊   ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများပေါ်ထွန်းလာစေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များ ပေါ်ထွန်းလာပြီး မိသားစုဝင်ငွေရရှိလာစေရန်၊ နည်းပညာများကို အသုံးပြု၍ အဝတ် အထည်များကို ဒီဇိုင်း လှပခေတ်မီပြီး ဈေးကွက်ဝင်အထည်များ ထုတ်လုပ်ရောင်းချနိုင်ရန်၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ချက်ဖြင့်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်သူများအနေဖြင့် စိတ်ပါဝင်စားစွာ ကြိုးစားသင်ယူကြရန်နှင့် အောင်မြင်သော လုပ်ငန်းရှင်ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဦးမျိုးမြင့်နိုင်က သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး ထားဝယ်ခရိုင် MESME ဥက္ကဋ္ဌ ဦးနေမင်းက MSME လုပ်ငန်းနှင့်ပတ်သက်သည့် အကြောင်းအရာများအားရှင်းလင်းပြောကြားသည်။

သင်တန်းတွင်စက်ချုပ်သင်တန်းသုံးပစ္စည်းများကို ကိုင်တွယ်အသုံးပြုပုံနှင့်အခြေခံချုပ်ရိုးချုပ်နည်း၊ အခြေခံစက်ချုပ်နည်း ဘာသာရပ်များနှင့် Pattern ရေးဆွဲနည်း ဘာသာရပ်များကိုသင်တန်းသူ (၁၀)ဦးအားရက်သတ္တ ၇ ပတ်ဖြင့် သင်ကြားပေးသွားမည်ဖြစ်ပြီး ထူးချွန်သင်တန်းသူ (၅)ဦးအား ကျပ်(၁)သိန်းနှင့်ညီမျှသော အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများကို သုံးစွဲခွင့်ပြုမည်ဖြစ်ကာ  လုပ်ငန်းထူထောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)