ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင် မြို့နယ်အဆင့် (၅)ကြိမ်မြောက် နွေရာသီကရင်စာပေသင်တန်းဆင်းပွဲတက်ရောက်

ဘားအံ မေ ၁၅

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ နောင်ဘိုကြီးကျေးရွာတွင် ကျင်းပပြုလုပ်သည့် မြို့နယ်အ ဆင့် (၅) ကြိမ်မြောက်၊ နွေရာသီကရင်စာပေသင်တန်းများ စုပေါင်းဆင်းပွဲအခမ်းအနားကို မေ ၁၅ ရက်၊ နံနက်ပိုင်းက ကျင်းပရာ ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က တက်ရောက်ချီးမြှင့်သည်။

 ဦးစွာ နွေရာသီကရင်စာပေသင်တန်းများ စုပေါင်းဆင်းပွဲအခမ်းအနား မုခ်ဦးကို ဆရာတော်၊သံဃာ တော်များနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ မွန်တိုင်းရင်းသားလူမျိူးရေးရာဝန်ကြီး၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

ထို့နောက် အခမ်းအနားကို နောင်ဘိုကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ဆက်လက်ကျင်းပရာ ဆရာတော်ဒေါက်တာပညာဒီပက အဖွင့်ဩဝါဒစကားမြွတ်ကြားပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်က အမှာစကားပြောကြားရာ မိမိတို့၏လူမျိုးမပျောက်စေရန် မိမိတို့၏ စကား၊ စာပေကို တန်ဖိုးထားကြိုးစားလေ့လာသင်ယူရမှာဖြစ်သလို စာပေနှင့်ယဉ်ကျေးမှုမှာ ဒွန်တွဲနေတာဖြစ်သည့်အတွက် ယဉ်ကျေးမှုကိုလည်း တွဲဖက်ဖော်ဆောင်ဖို့လိုအပ်ကြောင်း၊ မိမိတို့၏ ရိုးရာဓလေ့ ထုံးတမ်းများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့်အမျိုးသားရေးစရိုက်လက္ခဏာများကိုလည်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်လိုကြောင်း းပြောကြားသည်။

ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်ပေးအပ်သည့် ငွေကျပ် ၁၀၀ တိတိအား ပြည်နယ်လူမှုရေးရာဝန်ကြီးက ချီမြှင့်ပေးအပ်ရာ နွေရာသီကရင်စာပေသင်တန်းကျင်းပရေးကော်မတီ ဥက္ကဋ္ဌမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။ ဆက်လက်၍ အဆိုပါ ကရင်စာပေသင်တန်း၌ ကျင်းပသည့် ကရင်စာပေဝတ္ထုတိုရေးပြိုင်ပွဲ၊ ကရင်စာပေဆောင်းပါးရေးပြိုင်ပွဲ၊ ကရင်စာပေကဗျာရေးပြိုင်ပွဲနှင့် ကရင်စာပေစာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ မွန်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ထို့နောက် မြို့နယ်အဆင့် နွေရာသီကရင်စာပေသင်တန်း ‌ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ကကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး သင်တန်းဆင်းပွဲအခမ်းအနားကို (အောဟုအောဟောင်) သီချင်းဖြင့် သီဆို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

ပြည်နယ် (ပြန်/ဆက်)