မုံရွာ ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ခတက္ကန်တောင်ကျေးရွာအနီးရှိ ဗောဓိတထောင် သာသနာ့နယ်မြေ အတွင်းရှိ ဖိုးခေါင်တောင်တန်းပေါ်တွင် သစ်တောများ စိမ်းလန်းစိုပြည် စေရေးအတွက် ကွန်တိုဘောင် (၅၀၀) ဖော်ဆောင်ကာ သစ်ပင်များစိုက်ပျိုးရန် စီစဉ်လျက် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးဘလွင်ဦး ထံမှ သိရသည်။
ဗောဓိတထောင်ဒေသ ပြန်လည်စိမ်းလန်းစိုပြည်ရေးအတွက် တောင်တန်းများပေါ်ရှိ သစ်ပင် ပေါက်ရောက်မှု မရှိသောနေရာများတွင် သစ်ပင်များကိုပြန်လည် စိုက်ပျိုးပေးခြင်း၊ ရှိပြီး အပင်များကိုပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင်သကဲ့သို့ တောင်စောင်း နေရာများတွင်လည်း အရှည်(၁၈ပေ) အကျယ်အနံ(၅)ပေရှိ ကွန်တိုဘောင် များဖော်ဆောင်ကာ ရှား၊ တမာနှင့် ပဲချယ်ရီပင်များ စိုက်ပျိုးပေးလျက်ရှိကြောင်းသိရသည်။
“ ဒေသရာသီဥတုနဲ့ ကိုက်ညီတဲ့အပင်မျိုးတွေကို ဘဏ္ဍာရေးနှစ်အလိုက် စိုက်ပျိုးပေး နေတာ ဖြစ်တယ်၊ အခုနှစ်မှာလည်း ကွန်တိုဘောင်တစ်ပေါင်ကို ပျိုးပင်(၁၀)ပင်နှုန်းနဲ့ ကွန်တို ဘောင်(၅၀၀)မှာ ပျိုးပင်ပေါင်း (၅၀၀၀) ကို စိုက်ပျိုးပေးသွားမှာဖြစ်ပါတယ်၊ အခုပျိုးပင် စုဆောင်းတာတွေ၊ မြေဆွေးစုဆောင်းတာတွေနဲ့ ကွန်တိုဘောင် ဖော်ဆောင်တာတွေ လုပ် ဆောင်နေပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘလွင်ဦးက ပြောသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကွန်တိုဘောင်တစ်ပေါင်တွင် ပျိုးပင်(၂၀)ပင် နှုန်းဖြင့် ကွန်တို ဘောင် (၂၅၀)တွင် ပျိုးပင်ပေါင်း (၅၀၀၀)ကို ဗောဓိတထောင်ဒေသ ပြန်လည် စိမ်းလန်းစိုပြည် ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ စိုက်ပျိုး ပေးခဲ့ ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)