မင်းဘူး မေ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အဆင့်မြှင့်ဈေးကြီးတစ်ခု ပေါ်ထွက်လာစေရန် မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တော်ဝင်ချမ်းသာ ဆောက်လုပ်ရေးကုမ္ပဏီလိမိတတ်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် အဆင့်မြင့်ဈေးဆိုင်ခန်းများ ဆောက်လုပ်ပြီးစီး၍ ယမန်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါဈေး၌ စတင်ဖွင့်လှစ်ပေးခဲ့ကာ အဆင့်မြင့်ဈေးဆိုင်ခန်းအသစ်များ ဆောက်လုပ်ရောင်းချမှုမှ နိုင်ငံတော်ဘဏ္ဍာအတွက် ကျပ်သန်းပေါင်း ၁၅၀၀ ကျော် ရရှိခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မင်းဘူးမြို့ အဆင့်မြင့်ဈေးဆိုင်ခန်း ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အတူ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ မကွေးတိုင်းဒေသကြီး တရားသူကြီးချုပ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးသည်။
ဈေးဖွင့်ပွဲအခမ်းအနားတွင် မင်းဘူးမြို့မဈေး အဆင့်မြင့်ဈေးဆိုင်ခန်း (၅၈)ခန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခြင်း၊ ဈေးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခြင်း၊ ဘင်ခရာနှင့်ပန်းပွားအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်ခြင်း၊ ဆောက်လုပ်ရေးကုမ္ပဏီမှ ဈေးဆိုင်ခန်းများ တည်ဆောက်ခြင်းလုပ်ငန်းနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဆိုင်ခန်းပိုင်ရှင်များထံ ဆိုင်ခန်းမှတ်ပုံတင်စာအုပ်နှင့် ဆိုင်ခန်းသောပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆင့်မြင့်ဈေးဆိုင်ခန်းသစ်များ ဖွင့်လှစ်ရောင်းချပေးနေမှုအခြေအနေများကို လှည့်လည်ကြည်ရှု စစ်ဆေးခဲ့သည်။
မင်းဘူးမြို့၊ မြို့မဈေးကြီးအတွင်း၌ အဆင့်မြင့်ဈေးဆိုင်ခန်းများ ဆောက်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တော်ဝင်ချမ်းသာ ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်၍ ဈေးမြောက်ဘက်ခြမ်းနှင့် ဈေးအရှေ့ဘက်ခြမ်းရှိ ယခင် ပျံကျဈေးဆိုင်ခန်းများနေရာတွင် အဆင့်မြင့်ဈေး တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ဈေးအဆောက်အဦ အရွယ်အစားမှာ (၁၀ ပေ x ၁၇ ပေ x ၁၇ ပေ)ရှိ Steel Structure အမျိုးအစားဖြစ်ကာ နှစ်ထပ်ဈေးဆိုင်ခန်းစုစုပေါင်း (၅၈)ခန်းဖြင့် ဖေဖော်ဝါရီ ၂၇ ရက်က စတင်ဆောက်လုပ်ခဲ့ကြောင်း၊ အဆိုပါဈေးကြီး ဆောက်လုပ်နိုင်ခဲ့သည့်အတွက် မင်းဘူးမြို့တွင် အဆင့်မြှင့်ဈေးကြီးတစ်ခု ပေါ်ထွက်လာပြီး ဈေးဆိုင်ခန်းတစ်ခန်းလျှင် ငွေကျပ် သိန်း ၉၅၀ ဖြင့် ရောင်းချပေးနိုင်ခဲ့သည့်အတွက် နိုင်ငံတော်ဘဏ္ဍာသို့ ငွေကျပ်သန်းပေါင်း ၁၅၀၀ ကျော် ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဈေးဆိုင်ခန်းပေါင်း စုံလင်စွာဖြင့် မြို့မဈေးကြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာကာ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအနေဖြင့် လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ဒေါ်ယုယုလွင်က ပြောသည်။
မောင်မောင်(မင်းဘူး)