လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ဆောင်ရွက်

လိပ်သို မေ ၁၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများအား မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီကမြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က သွေးလွန်တုပ် ကွေးရောဂါနှင့် သိမှတ်လိုက်နာရန်အချက်များအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရခြင်း အကြောင်းအရင်းများဖြစ်သည့် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ကို သယ်ဆောင်ထားတဲ့ (Aedes) လို့ခေါ်တဲ့ ခြင်ကိုက်ခြင်းကြောင့် ဖြစ်ကြောင်း၊  အသက်သုံးနှစ်မှ ဆယ့်ငါးနှစ်အတွင်းကလေးများတွင် အဖြစ်များကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်ကြောင်း၊ အထူးသတိထားရန်မှာ သွေးလွန်တုပ်ကွေးဖြစ်သည့် ကလေးငါးရာခိုင်နှုန်းခန့်သည် ဆိုးရွားပြင်းထန်သွေးလွန်တုပ်ကွေးအဆင့်သို့ ရောက်ချိန်တွင် သွေးယိုစီးခြင်း၊ သွေးလန့်ခြင်းများဖြစ်ပွားကာ အသက်အန္တရာယ်ရှိနိုင်ကြောင်းတို့ကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့နံရံကပ်ပြဘုတ်တွင် ပြသထားသော သွေးလွန်တုပ်ကွေးရောဂါသည် နေ့အချိန်တွင် ကိုက်လေ့ရှိသော ခြင်ကျားကိုက်ခံရခြင်း ကြောင့် ကူးစက်တတ်ကြောင်း စသည့်အကြောင်းအရာများပါ နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိမှုကို ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသနေပြည်သူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

နော်ဖလောရင်း