ကျောက်ကြီးမြို့နယ်၌ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများဖြန့်ဝေပေးအပ်

ကျောက်ကြီး မေ ၁၅

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အခြေခံပညာအထက်တန်းကျောင်း အင်ကြင်းဆောင်ခန်းမတွင် ပညာရေးဝန်ကြီးဌာနမှ "အခမဲ့" ဖြန့်ဝေသည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏စီမံမှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြန့်ဝေမှုကို မြို့နယ်ပညာရေးမှူးရုံး ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်ထွေး ဦးဆောင်ပြီး ဌာနဝန်ထမ်းများနှင့်အတူ (KG) သူငယ်တန်းအဆင့်ကျောင်းသား/ ကျောင်းသူတစ်ဦးလျှင် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ကျောင်းဝတ်စုံ (၁) စုံ၊ ခဲတံ (၄) ချောင်း နှုန်းဖြင့်လည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူတစ်ဦးလျှင် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ် (၁) ဒါဇင်၊ ခဲတံ (၄) ချောင်း၊ ကျောင်းဝတ်စုံ (၁) စုံ နှုန်းဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူတစ်ဦးလျှင် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ် (၁) ဒါဇင်၊ ခဲတံ (၂) ချောင်း၊ ဘောပင် (၂) ချောင်းနှုန်းဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူတစ်ဦးလျှင် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ် (၁) ဒါဇင်၊ ခဲတံ (၂) ချောင်း၊ ဘောပင် (၂) ချောင်းနှုန်းဖြင့် လည်းကောင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၆) ကျောင်းရှိ ကျောင်းအုပ် ဆရာ/ ဆရာမများလက်သို့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်နေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လာရောက်ကြည့်ရှုအားပေးပြီး၊ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သတင်းအပတ်အဖြစ် ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ မြို့နယ်အတွင်း ကျောင်းအပ်နှံရေးလုပ်ငန်းများကို လူထုလှုပ်ရှားမှုအသွင်အဖြစ် လှုပ်ရှားဆောင်ရွက် သွားမည်ဖြစ်ပြီး ကျောက်ကြီးမြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ဖွင့်လှစ်သင်ကြားပို့ချမည့် အခြေခံပညာကျောင်းပေါင်း (၂၆) ကျောင်းတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ခန့်မှန်း (၅၈၀၀) ဦးကျော်ခန့်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

မြို့နယ် (ပြန်/ဆက်)