ကြံခင်း မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ မင်းတဲလေးကျေးရွာ တောင်သူ ဦးစိုးမင်းလတ်လယ်မြေ၌ ယနေ့နံနက်ပိုင်းက GW 11 မျိုး နွေစပါးအထွက်နှုန်း စံပြကွက်ရိတ်သိမ်းပွဲကျင်းပခဲ့ရာ ခရိုင်/မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် ခရိုင်ကြေးတိုင်းနှင့်မြေစာရင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်စိုး၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီခေတ္တ ဥက္ကဋ္ဌ ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက တောင်သူ ဦးစိုးမင်းလတ်၏ လယ်ယာမြေ ဦးပိုင်အမှတ် ၃၀၀/၃၊ မြေကွက်အမှတ် ၁၃၅၀၊ ကွင်းအမှတ် ၄၈(က) မင်းတဲလေးကွင်းတွင် မြို့နယ်ကြေးတိုင်းနှင့်မြေစာရင်းဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနတို့မှ ဝန်ထမ်းများက နွေစပါးစံပြကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးကြသည်။
အဆိုပါ နွေစပါး GW 11 စပါးမျိုးအား စံပြကွက်ရိတ်သိမ်းရာတွင် ၁ ဧကလျှင် အထွက်နှုန်း အစိုတင်း ၁၀၃ ဒဿမ ၆၂၊ အခြောက် တင်း ၈၈ ဒဿမ ၀၇ နှုန်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)