ကော့ကရိတ်ခရိုင်၊ ကော့ဂိုးကျေးရွာတွင် လူငယ်အားမာန်စာကြည့်တိုက် အဆောက်အအုံ တိုးချဲ့ဆောင်သစ် ဖွင့်ပွဲနှင့် အလှူငွေပေးအပ်ခြင်း

ကော့ကရိတ် ဇန်နဝါရီ ၁၈

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကော့ဂိုးကျေးရွာတွင် လူငယ်အားမာန် ကျေးရွာကိုယ်အား ကိုယ်ကိုး စာကြည့်တိုက် အဆောက်အအုံတိုးချဲ့ဆောင်သစ်ဖွင့်ပွဲနှင့် အလှူငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက်၁၀ နာရီ ခွဲ အချိန်တွင် ဖွင့်လှစ်ခဲ့သည်။

လူငယ်အားမာန်စာကြည့်တိုက် အဆောက်အအုံတိုးချဲ့ဆောင်ဖွင့်ပွဲသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်နှင့်ကော့ကရိတ်ခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်၊ ကော့ဂိုးကျေးရွာအုပ်ချုပ် ရေးမှူး ဦးမင်းလှရှိန် တို့က ဖဲကြိုးဖြတ်၍ စာကြည့်တိုက်အားဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါစာကြည့်တိုက်ကို ၂၀၁၃ခုနှစ်က ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၃၀သိန်း ကျေးရွာမှ ထည့်ဝင်ငွေ ၂၀သိန်းဖြင့် ဆောက်လုပ်ခဲ့ပြီး ယခုအခါအဆောက်အဦး ပြန်လည်ပြင်ဆင်မွမ်းမံခြင်းနှင့် တိုးချဲ့ဆောင်သစ် ဆောက်လုပ်ခြင်းတို့အတွက် ဝန်ကြီးဦးမင်းကိုခိုင်နှင့် ဇနီးဒေါ်မိုးမိုးကြည်မိသားစုက အလှူငွေကျပ်၂သိန်း၊ ဒေါ်ခင်သိန်း မိသားစုက ငွေကျပ် ၁၃၅၇၉၀၀နှင့် ဒေသခံရပ်မိ ရပ်ဖများက ငွေကျပ် ၈၆၉၆၅၀၀နှင့် ဦးသိန်းစိုးနှင့် ဒေါ်ရင်မြိုင် ဖြိုးမောက်ဒီပါကုမ္ပဏီရွှေတောင်ကြီး မျိုးစေ့ဆိုင်မှ ငွေကျပ်၇သိန်း တန်ဖိုးရှိ ကွန်ပျူတာတစ်စုံနှင့် မြင့်မိုရ်မေမေစာပေတိုက်မှ ရုပ်ပြ (၁၇၇)အုပ် နှင့်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သုတ၊ ရသစာအုပ်များလှူဒါန်းခဲ့ပါသည်၊၊

လူငယ်အားမာန် စာကြည့်တိုက်ရေရှည်တည်တံခိုင်မြဲရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ ခရိုင်ဦးစီးမှူးဒေါ်လှလှနွယ်က ကျေးရွာနေပြည်သူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာကြည့်တိုက် ကော်မတီဖွဲ့စည်းရေး စာအုပ်စာစောင်များ အသစ်တိုးပွားရေးနှင့် စေတနာ၊ဝါသနာ၊ ဇွဲလုံးလနှင့် ဆန်းသစ်တီထွင် တတ်သော စာကြည့်တိုက်မှူးကောင်းများ ခန့်ထားနိုင်ရေးနှင့် စာကြည့်တိုက် ငွေပဒေသာပင်ထားရှိရေး တို့ကို အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ပါသည်၊၊

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)