ပွင့်ဖြူ မေ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၆ ခုနှစ် မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ သဘာဝတောများကောင်းမွန်စေရေးနှင့် သစ်တောပြုန်းတီးမှုကြောင့်ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရေးအတွက် လူထုဖြန့်အစီအစဉ်ဖြင့် ပျိုးပင်ပေါင်းလေးသောင်း အခမဲ့ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးကျော်စွာမြင့်ဦးထံမှ သိရသည်။
ထိုသို့ လူထုဖြန့်အစီအစဉ်ဖြင့် အခမဲ့စိုက်ပျိုးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာစာသင်ကျောင်းများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် သာသနာ့နယ်မြေများအတွင်း ကျွန်း၊ တမာ ၊ စိန်ပန်း၊ ယူကလစ်၊ ယင်းမာ၊ ငုရွှေ၊ မန်ကျည်းစသည့် အရိပ်ရပျိုးပင် လေးသောင်းအား ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကာ ပြည်သူများအနေဖြင့် မြို့နယ်သစ်တောဦးစီးဌာန မြို့မပျိုးဥယျာဉ်ခြံတွင် လာရောက်ထုတ်ယူစိုက်ပျိုးနိုင်ကြောင်း သိရသည်။
"ဒီနှစ်မိုးရာသီမှာ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် လူထုဖြန့်အစီအစဉ်ဖြင့် ပျိုးပင်ပေါင်း လေးသောင်းစိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိမှာ အခမဲ့ဖြန့်ဝေစိုက်ပျိုးမည့် ပျိုးပင်များကိုလဲ မြို့မပျိုးဥယျာဉ်ခြံမှာ ပြုစုပျိုးထောင်ထားပြီးဖြစ်ပါတယ်။ စိုက်ပျိုးမယ့် ပျိုးပင်တွေကတော့ ကျွန်း၊ တမာ၊ စိန်ပန်း၊ ယူကလစ်၊ ယင်းမာ၊ ငုရွှေ၊ မန်ကျည်းစတဲ့ အရိပ်ရပျိုးပင်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ်သစ်တောဦးစီးဌာနက နှစ်စဉ်အရိပ်ရပျိုးပင်များကို ပြုစုပျိုးထောင်ပြီး ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနဲ့ ရာသီဥတုကောင်းမွန်မျှတစေရန်အတွက် ပြည်သူများ၏နေအိမ်ခြံဝန်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာစာသင်ကျောင်းများနဲ့ သာသနာ့နယ်မြေများတွင် အခမဲ့ဖြန့်ဝေ စိုက်ပျိုးဆောင်ရွက်လျက်ရှိပါတယ်။ ယခုလို လူထုဖြန့်အစီအစဉ်ဖြင့် စိုက်ပျိုးရခြင်းရဲ့ရည်ရွယ်ချက်က ဒေသခံပြည်သူလူထုအား သစ်တောသစ်ပင်မျာကို ချစ်မြတ်နိုးပြီးတန်ဖိုးထားထိန်းသိမ်းတတ်စေရန်၊ သစ်တောသစ်ပင်များရဲ့ အကျိုးကျေးဇူးတွေကို သိရှိနားလည်းပြီး ဒေသတွင်းဆောင်ရွက်နေတဲ့ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးနဲ့ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်လိုတဲ့ အလေ့အကျင့်များရရှိစေဖို့၊ စည်းကမ်းမဲ့ သစ်တောသစ်ပင်များခုတ်လှဲခြင်းများ ရှောင်ကြဉ်နိုင်စေဖို့စတဲ့ရည်ရွယ်ချက်နဲ့ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ပေးရခြင်းဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ်သစ်တောဦးစီးမှူး ဦးကျော်စွာမြင့်ဦးက ပြောကြားသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )