မြို့သစ်၌ ဒေသထွက်ငရုပ်သီးစိမ်းစျေးကောင်းရ၍ စိုက်ပျိုးရောင်းချသူများအဆင်ပြေလာ

မြို့သစ် မေ ၁၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက် ကာလတို/ကာလရှည်သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ငရုပ်စိုက်ခင်းများအောင်မြင်ဖြစ်ထွန်လျက်ရှိပြီး ရောင်းချချိန်ငရုပ်သီးစိမ်းများ စျေးကောင်းရရှိကြောင်း သိရသည်။

ငရုပ်သီးနှံသည် ပျိုးထောင်သည့်အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချိန်အထိအမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ပြီး စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများအသုံးပြုရကြောင်း ငရုပ်စိုက်ပျိုးသူတစ်ဦးထံက သိရသည်။

ငရုပ်မျိုး(၂)ထုပ် စိုက်ပျိုးပါက ငွေကျပ်ဆယ်သိန်းခွဲ ဝန်းကျင်/သိန်း(၂၀)ခန့်ကုန်ကျကြောင်း စိုက်ပျိုးပြီးရက်ငါးဆယ်ဝန်းကျင်တွင် အသီးများစတင်ခူးဆွတ်ရောင်းချရကြောင်း၊ အသီးစတင်ခူးဆွတ်ရာတွင် ပိဿာချိန်နည်းသော်လည်း အသီးလှိုင်ချိန်တွင်တစ်ခါခူးဆွတ်ပါက ပိဿာချိန်(၁ဝဝ)ပိဿာကျော်အထိ ခူးဆွတ်ရကြောင်း၊ (၂)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါးဝင်ငွေရကြောင်း၊ ရောင်းဈေးအနေဖြင့် ငရုပ်သီးတစ်ပိဿာ ငွေကျပ် (၆၀၀၀)ကျပ်ဝန်းကျင်ရောင်းချရကြောင်း၊ ယခင်ရက်များက(၀၀၀)ကျပ်စျေးအထိ ရောင်းချခဲ့ရကြောင်း၊ ယခုလက်ရှိစျေးနှုန်းမှာ ထက်ဝက်ခန့်စျေးနှုန်းပြန်တက်နေကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် စီးပွားဖြစ်ငရုပ်ပင်စိုက်ပျိုးသူများအနေဖြင့် "ငရုပ်အပွမျိုး၊ အတောင့်ရှည်ငရုပ်မျိုးနှင့် ထိုင်ဝမ်ငရုပ်မျိုးများကို အဓိကထားစိုက်ပျိုးကြကြောင်း၊ ထိုင်ဝမ်ငရုပ်မျိုးများသည် အခွံထူအထားခံမျိုးဖြစ်သောကြောင့် စိုက်ပျိုးမည်ဆိုပါက ဦးစွာသဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားမှသာအပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်ဆက်)