ကျွန်းစုမြို့တွင် ရေငံ ကကတစ်ငါး ဒေသအခေါ်(ကပေါင်းငါးများ)အား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ကျွန်းစု ဇန်နဝါရီ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း မြို့နယ်သမဝါယမဦးစီးဌာနနှင့် အသင်းစုတို့၏ စီစဉ်မှုဖြင့် ရေငံ ကကတစ်ငါး ဒေသအခေါ်(ကပေါင်းငါး)များအား ယနေ့ နံနက်(၅)နာရီအချိန်က ကျွန်းစုမြို့မဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

“ထိန်ချောင်းကျေးရွာ အောင်ကျော်ဇော ရေငံ ကကတစ်ငါးမွေး သမဝါယမအသင်းက မွေးမြူရရှိတဲ့ငါးတွေကို အမြတ်မယူဘဲ ဒေသစားသုံးသူများ ဈေးနှုန်းချိုသာစွာနဲ့ ဝယ်ယူစားသုံးနိုင်ဖို့နဲ့ ထုတ်လုပ်သူ အခြေခံသမအသင်းကို တိုက်ရိုက်အကျိုးခံစားခွင့် ရရှိဖို့အတွက် ရောင်းချမှုအခက်အခဲကို ကူညီဆောင်ရွက်ပေးခြင်းဖြစ်တယ်” ဟု မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်စိုး က ပြောသည်။

ရောင်းချရာတွင် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတင်စိုးနှင့် ဝန်ထမ်းများက ကကတစ်ငါးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် ပိဿာချိန်(၂၀)ကို  ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချဖြန့်ဖြူးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ ချိတ်ဆက်စီစဉ်ပေးမှုဖြင့် တနင်္သာရီမြို့နယ်သို့ ငါးပိဿာချိန် (၄၀)ခန့်ကို တင်ပို့ ရောင်းချပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)