တိုင်းစည်ပင်ထောက်ပံ့မှုဖြင့် ကင်းတပ်ကျေးရွာနှင့် မော်လိုက်ကလေး ကျေးရွာတို့တွင် ရွာတွင်းလမ်းများအား ကွန်ကရစ် လမ်းခင်း

မော်လိုက်  ဇန်နဝါရီ   ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် ကင်းတပ်ကျေးရွာနှင့် မော်လိုက်ကလေးကျေးရွာ တို့တွင် စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ထောက်ပံ့ပေးသည့် ဘိလပ်မြေဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများကို ဇန်နဝါရီလ ပထမပတ်မှစတင်၍  အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း မော်လိုက် မြို့နယ် စည်ပင်သာယာကော်မတီ၊ မြို့နယ် အမှုဆောင် အရာရှိ ဦးဇော်ဇော်ထွန်း ပြောကြားချက်အရ သိရသည်။

“တိုင်းစည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်အတွင်း မော်လိုက်မြို့နယ် ကင်းတပ် ကျေးရွာတွင် အရှည်ပေ (၆၀၀၀'×၁၄'×၈")ရှိ ရွာလယ်လမ်းကွန်ကရစ်ခင်းနိုင်ရန် ဘိလပ်မြေအိတ် (၁၀၄၀၂)လုံး၊ မော်လိုက်ကလေး ကျေးရွာတွင်အရှည်ပေ(၆၈၈၀'×၁၄'×၈")ရှိ ရွာလယ်လမ်းကွန်ကရစ် ခင်းနိုင်ရန် ဘိလပ်မြေအိတ်(၁၁၉၂၇)လုံး၊ လောင်းကောင်းကျေးရွာတွင် အရှည်ပေ (၁၂၀၀'×၁၄'×၈") ရှိ ရွာလယ်လမ်း ကွန်ကရစ်ခင်းနိုင်ရန် ဘိလပ်မြေအိတ် (၂၀၈၂)လုံး၊ ညောင်သပြေ ကျေးရွာတွင် အရှည်ပေ(၂၀၀၀၊'×၁၄'×၈")ရှိ ရွာလယ်လမ်းကွန်ကရစ်ခင်းနိုင်ရန် ဘိလပ်မြေအိတ် (၃၄၇၀)လုံးနှင့် မော်လိုက်မြို့ပေါ်ရှိ အိုးအိမ်ဝန်ထမ်းအိမ်ယာတွင် အရှည်ပေ(၃၇၅'×၁၂'×၆။")ပေရှိ ဝန်ထမ်းအိမ်ယာ လမ်းကြား ကွန်ကရစ်ခင်းနိုင်ရန် ဘိလပ်မြေအိတ်(၄၁၆)လုံး စုစုပေါင်း ဘိလပ်မြေ အိတ်(၂၈၂၉၇)လုံး ထောက်ပံ့ပေးခဲ့ရာ ကင်းတပ်ကျေးရွာနှင့် မော်လိုက်ကလေးကျေးရွာတို့တွင် ရွာလယ်လမ်းကွန်ကရစ် ခင်းခြင်းကို ဇန်နဝါရီလ ပထမပတ်မှ စတင်၍ ကျေးရွာပြည်သူများ၏ သဲ၊ကျောက်ထည့် ဝင်ငွေများ လုပ်အားဒါနများဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နေပြီး လုပ်ငန်းများအား မြို့နယ်အဆင့်ဌာန ဆိုင်ရာများက ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း” ၎င်းထံမှ သိရသည်။

“ကျွန်တော်တို့ မော်လိုက်ကလေးကျေးရွာ ရွာလယ်လမ်းအား ကွန်ကရစ်ခင်းနိုင်ရန် အခုလို ဘိလပ်မြေအိတ်တွေ ထောက်ပံ့ပေးတဲ့အတွက် အလွန်မှဝမ်းမြောက်မိပါကြောင်း၊ ရွာအနေဖြင့်လည်း လုပ်အားနဲ့ပါဝင်ရမယ့်နေရာတွေမှာ စုပေါင်းပါဝင်ဆောင်ရွက်ပေးနေကြောင်း၊ အရင်တုန်းက မိုးရာ သီဆိုရင် ရွာတွင်းလမ်းမှာ ရေတင်ကျန်ပြီး သွားလာရတာ အဆင်မပြေဖြစ်ခဲ့ကြောင်း၊ ပွင့်လင်းရာ သီမှာဆိုရင်လည်း နမ့်တော၊ ကလေး၊ မုံရွာက ခရီးသည်တင်ကားတွေ၊ ကုန်ကားတွေက မြစ်ဖြတ် ဇက်ကူးတို့ကနေ လာပြီး မော်လိုက်ကလေးရွာလယ်လမ်းကနေသွားနေကြတော့ အိမ်တွေမှာ ဖုံတွေတင်ကျန်ပြီး ကျန်းမာရေးထိခိုက်မှုများ ရှိခဲ့ကြောင်း၊ အခုလို ရွာလယ်လမ်းအား ကွန်ကရစ်ခင်း ပေးတဲ့အတွက် နွေမိုးဆောင်း သွားလာရတာ များစွာအဆင်ပြေတော့မည်ဖြစ်ပြီး၊ ကျန်းမာရေး ထိခိုက်မှုများလည်း လျော့နည်းသွား မည်ဖြစ်ကြောင်း” မော်လိုက်ကလေးကျေးရွာနေ ဦးနေဝင်း ပြောကြားချက်အရ သိရသည်။

မော်လိုက်သားလေး