လေရှီး မေ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ ထေရဝါဒ ဗုဒ္ဓသာသနာပြုဌာန၊ ဓမ္မာရုံ၌ ယနေ့မွန်းလွဲ (၃) နာရီအချိန်က လေရှီးမြို့ ဗဟိုသာသနာပြု ခေါင်းဆောင်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သုဒဿန အမှူးပြု၍ ဗဟိုသာသနာပြုလက်ထောက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ အဂ္ဂဓဇ၏ ဦးဆောင်မှုဖြင့်ဖွင့်လှစ်သင်ကြားခဲ့သော ယဉ်ကျေးလိမ္မာနှင့်ပရိတ်၊ ပဋ္ဌာန်း၊ ဓမ္မစက်ြာသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် ဗဟိုသာသနာပြု ခေါင်းဆောင်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သုဒဿနအမှူးပြု၍ တက်ရောက်လာကြသူများအာလုံးက နမောတဿ (၃) ကြိမ် ရွက်ဆိုပူဇော်၍ အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဗဟိုခေါင်းဆောင်ဆရာတော်ကြီး ဆုံးမဩဝါဒကိုခံယူမှုနှင့်အတူ (၅) ပါးသီလကို ခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဗဟိုသာသနာပြုလက်ထောက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ အဂ္ဂဓဇက သင်တန်းဖွင့်လှစ်ခဲ့မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ကူကီးစံပြသာသနာပြုဆရာတော် ဘဒ္ဒန္တအရှင်ရာဇဓမ္မက ဩဝါဒပေးခဲ့သည်။
ဆက်လက်၍ သင်တန်းတွင်ဆုရရှိကြသော ကလေးငယ်များအား ဆုချီးမြှင့်ခြင်းအစီအစဉ်ကို ဆက်လက်ပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့များနှင့်စေတနာရှင်များက ဆုရရှိသော ကလေးငယ်များအား ဆုချီးမြင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်မိသားစုမှ ဆရာတော်များအား နဝကမ္မများ ဆက်ကပ်လှူဒါန်းမှုများဆောင်ရွက်ကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ် ရွက်ဆိုဆုတောင်း၍ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့သည်။ အဆိုပါသင်တန်းကို (၁၉-၄-၂၀၂၆) ရက်နေ့မှ (၃-၅-၂၀၂၆)ရက်နေ့အထိ (၁၅)ရက်တိုင်တိုင် သင်တန်းသား/သူ (၉၂) ဦးဖြင့် ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း ဗဟိုလက်ထောက်ဆရာတော်၏ ပြောကြားချက်အရ သိရသည်။
လေရှီး (ပြန်/ဆက်)