နွေရာသီအားလပ်ချိန် ကျောင်းသားလူငယ်များ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန် စာဖတ်ဝိုင်းကျင်းပ

လိပ်သို မေ ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ချိန် စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော “ရည်မှန်းချက် ရှိရမယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဉီးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာ​ပေသည် အသိဉာဏ် ဗဟုသုတ ပြည့်စုံစေသောကြောင့် စာဖတ်သည့် အလေ့အကျင့်ကို နေ့စဉ်ပုံမှန်ပြုလုပ်သင့်ကြောင်း၊ ဘဝတန်ဖိုးရှိအောင် ဘဝတန်ဖိုးကိုမြှင့်တင်ဖို့ စာပေကို အမြဲတစေ လေ့လာဖတ်ရှုသင့်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် ကျောင်းသား/ကျောင်းသူလူငယ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Grade-11 ကျောင်းသူ နော်မေရီဝင်းက “ရည်မှန်းချက်ရှိရမယ်" ခေါင်းစဉ်အောက်မှ အရာရာကို ဖန်တီးပြုပြင် ပြောင်းလဲရာမှာ လူသာပဓာနဖြစ်တာကြောင့် လူက ကြိုးစားမှ တိုးတက်မှာဖြစ်ကြောင်း၊ ရည်ရွယ်ချက်ရှိမှ ဘဝသည် တန်ဖိုးရှိလာမှာမို့ ရည်မှန်းချက်ကို ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်ထားဖို့ လိုကြောင်း စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော “ရည်မှန်းချက်ရှိရမယ်” စာအုပ်အား ဖတ်ရှုခြင်းဖြင့် မိမိဘဝကို ကောင်းစွာ မြှင့်တင်တည်ဆောက်နေကြသူ လူငယ်များအတွက် အတွေးအမြင်နှင့် ခံယူချက်ကောင်းများ ရရှိစေနိုင်မှာဖြစ်ကြောင်း သိရသည်။

နော်ဖလောရင်း