ဒေးဒရဲမြို့နယ်၊ တော်လှကျေးရွာ၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဒေးဒရဲ မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် မှုခင်းဖြစ်ပွားမှု လျော့နည်းပပျောက်စေရေးနှင့် ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်များကို ကြိုတင်သတိထားရှောင်ရှားနိုင်စေရေးရည်ရွယ်၍  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက တော်လှကျေးရွာ၊ ရွှေပြည်အေးတန်ဆောင်းတော်ကြီးတွင်  ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ပြည်သူများ သတိထားရှောင်ရှားရမည့် မူးယစ်ဆေးဝါအန္တရာယ်များနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပွားလာနိုင်သည့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအား အသိပညာပေး ဟောပြောခြင်း၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒေးဒရဲမြို့မရဲစခန်းမှူး ဒုတိယရဲမှူး အောင်မြင့်ခိုင်က တက်ရောက်လာသည့် ပြည်သူများအား မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ကျခံရမည့် ပြစ်ဒဏ်များအား  ဟောပြောခဲ့ကြောင်းသိရသည်။

ဟောပြောပွဲအပြီးတွင် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများအား မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း