ကျုံဒိုးမြို့၌ ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားမှတ်ပုံတင်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

ကော့ကရိတ် မေ ၁၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နေပြည်သူများအား ရက် ၁၀၀ စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် UID ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့ မွှန်းလွဲပိုင်းက ကျုံဒိုးအထကကျောင်း၌ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့ကရိတ်မြို့ နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျုံဒိုးမြို့နေ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသည့် အသက် ၁၈ နှစ်ပြည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် UID ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်နေမှုကို ကရင်ပြည်နယ်အစိုးအဖွဲ့ မွန်တိုင်းရင်းသားဝန်ကြီး၊ ကရင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး၊ ခေတ္တခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ၊ ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးတို့က ကြည့်ရှုအားပေးခဲ့ကြပြီး ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားကိုယ်ရေးအချက်အလက် UID ကတ်များကိုလည်း ပြည်သူများထံ လက်ဝယ်အရောက်‌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)