ကန်ကြီးထောင့် မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် အများပြည်သူများအား အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ အသိပညာလက်ကမ်းစာစောင်များအား စဉ်ဆက်မပျက်ဖြန့်ဝေပေးလျက်ရှိသည်။
ထိုသို့ စဉ်ဆက်မပျက် ဖြန့်ဝေပေးလျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦး၏ ဦးဆောင်မှုဖြင့် မြို့နယ်ရုံးဝန်ထမ်းများက ကန်ကြီးထောင့်မြို့နယ်၊ ဆင်ဖြူရှင်လမ်း၊ ရုံးပေါင်းစုံအနီး လူစည်ကားသော လက်ဖက်ရည်ဆိုင်များတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များအား ပြည်သူများ၏ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် “ကြိုတင်ပြင်ဆင်မှုများအနေဖြင့် (၁) အရေးပေါ်အိတ် ပြင်ဆင် ထားရှိရန်၊ (၂) အရေးကြီးစာရွက်စာတမ်းများ သိမ်းဆည်းထားရန်၊ (၃) မီးသတ်ဆေးဘူး ဆောင်ထားရန်၊ ဘေးအန္တရာယ်ဖြစ်ပွားစဉ် ပြုမူဆောင်ရွက်မှုနှင့်ပတ်သက်၍ (၁) ငလျင်လှုပ်လျှင် - ခိုင်ခံ့သော စားပွဲအောက်တွင်ဝပ်နေပါ၊ ခိုလှုံပါ၊ မြဲမြံစွာ ကိုင်ထားပါ၊ (၂) ရေကြီးလျှင် - ရေစီးသန်သောနေရာများကို ဖြတ်သန်းသွားလာခြင်း မပြုပါနှင့်၊ အမြင့်ပိုင်းသို့ အမြန်ဆုံးရွှေ့ပြောင်းပါ၊ (၃) မုန်တိုင်းတိုက်လျှင် - ပြတင်းပေါက်များနှင့် ဝေးရာတွင်နေပါ၊ ခိုင်ခံ့သော အဆောက်အအုံအတွင်း၌သာ နေထိုင်ပါ၊ ဆောင်ရန်/ရှောင်ရန် အချက်များနှင့်ပတ်သက်၍ (၁) ရှောင်ရန်-ဓာတ်လှေကား အသုံးမပြုပါနှင့်၊ ပြတ်ကျနေသော ဓာတ်တိုင်/ ဓာတ်ကြိုးများအနီးသို့မသွားပါနှင့်၊ ဆောင်ရန်-ဘေးကင်းရာသို့ အမြန်ရွှေ့ပြောင်းပါ၊ မိသားစုဝင်များနှင့် အိမ်နီးချင်းများ၏ အခြေအနေကို အမြဲမပြတ်စစ်ဆေးပါ၊ အကူအညီတောင်းခံခြင်းနှင့် ဆက်သွယ်ရေးနည်းလမ်းများ”စသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)