ကြံခင်း မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက KG,G-1 နှင့် မူကြိုသင်ပြနည်းစနစ်ချိတ်ဆက်ဆောင်ရွက် နိုင်ရေးရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က KG,G-1 နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ (ဗဟိုအဆင့်) သင်တန်းများအား နေပြည်တော်တွင် (၄) ကြိမ်ခွဲ၍ ဇန်နဝါရီလမှ မေလအတွင်း၌လည်းကောင်း၊ ယခုမြို့နယ်အဆင့်သင်တန်းတွင်လည်း (တိုင်းအဆင့်) တက်ရောက်ခဲ့သူ ဆရာကြီး၊ ဆရာမကြီးများမှ နည်းပြအနေဖြင့် ထပ်ဆင့်ဆွေးနွေးပို့ချပေးသွားမည်ဖြစ်တဲ့အတွက် သင်တန်းတက်ရောက်လာကြသော ဆရာ၊ ဆရာမများက သေချာလေ့လာမှတ်သားခြင်း၊ အသိအမြင် ဖလှယ်ခွင့်ရရှိခြင်းနှင့် မိမိတို့တပည့်များအား သင်ကြားသင်ယူ တတ်မြောက်စေရေး အလေးထားသင်ကြားသွားရန် တိုက်တွန်းပြောကြားသည်။ ထို့နောက် (မြို့နယ်ပညာရေးမှူး-ပူးတွဲတာဝန်) လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းကာလအတွင်း ကြိုးစားသင်ယူကြရန်နှင့် ကျောင်းတွင်း၊ ကျောင်းပြင်သန့်ရှင်းရေးကို ကျောင်းမဖွင့်မီ ဆောင်ရွက်သွားကြရန်ပြောကြားသည်။ ဆက်လက်၍ သင်တန်းအားပို့ချရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဉ္ဇာဝင်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၂၉) နှင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေများအား ဆွေးနွေးပို့ချပေးလျက် ရှိသည်။
အဆိုပါသင်တန်းကို အခြေခံပညာကျောင်း ၁၂၂ ကျောင်းမှ ဆရာ၊ ဆရာမ ၁၂၀ ဦး တက်ရောက်ပြီး၊ သင်တန်းကာလမှာ မေလ ၁၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ ၁၀ ရက်ကြာ၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နည်းပြ ၄ ဦးမှ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)