မင်းဘူး ဇန်နဝါရီ ၁၈
အခါတပါး၌ နတ်ပြည်တွင် သိကြားမင်းက နတ်သားတစ်ပါးအား အမောင်နတ်သား သင်လူ့ပြည်သို့ဆင်းပြီး လူ့ပြည်တွင် မိုးလေဝသ ရာသီဥတု မှန်သလား၊ ဆန်ရေစပါးပေါများရဲ့လား စုံစမ်းဖို့ လွှတ်လိုက်လေသည်။ နတ်မင်းလည်း ကျွန်းပညိုလို့ခေါ်တဲ့ရွာမှ သူကြွယ်တစ်ဦး၏ လယ်ကွက်ထဲမှ စပါးနှံတစ်ဆုပ်ကိုယူ၍ နတ်ပြည်သို့ တက်ခဲ့လေသည်။
နတ်မင်းယူဆောင်လာတဲ့ စပါးနှံနှင့် စကားအရာတွေကြောင့်လူ့ပြည်တွင် ဥတုရာသီမှန်ပြီး စပါးဆန်ရေ ပေါများကြောင်း သိရသည့်အတွက် သကြားမင်းလည်း ဝမ်းသာသွားလေသည်။ထိုနတ်သားဟာ လူ့ပြည်မှပြန်ပြီး မကြာခင် နတ်သက်ကြွေလေသည်။ ထိုအခါ လယ်ရှင်ခွင့်ပြုချက်မရဘဲ စပါးနှံများ ယူဆောင်လာသည့်အတွက် အဒိန္ဒာဒါနကံထိုက်၍ လယ်ရှင်တဲတွင် နွားအဖြစ် ဝင်စားလေတော့သည်။ နွားလေးအရွယ် ရောက်လာသော် အလွန်ခွန်အားကြီးပြီး ဆိုးသွမ်းကာ တောင်သူတွေရဲ့ လယ်ယာစိုက်ခင်း သီးနှံတွေ ဖျက်ဆီးနေတာကြောင့် ရွာသူ ရွာသားတွေဟာ အလွန်ဘဲ စိတ်ပျက်နေကြသည်။
တစ်နေ့မှာတော့ ရွာသားတွေဟာ နွားပိုင်ရှင်ကို ဒီရွာကနေ ထွက်သွားဖို့နဲ့ နွားကြီးကို သုတ်သင်ဖို့ တိုင်ပင် ကြတော့သည်။ နွားပိုင်ရှင်လည်း ကျွန်တော်ကတော့ ဒီရွာနေ ဘယ်ကိုမှ မသွားနိုင်ဘူး နွားကြီးကို စွန့်လွှတ်လိုက်ပြီး ကြိုက်သလို လုပ်ခိုင်း လိုက်တော့သည်။ ရွာသားတွေဟာ အလွန်ဆိုးတဲ့ နွားလားဥဿဘကြီးကို သတ်ပြီး အသားတွေကို ဝေငှ၍ စားသောက်ကြတော့သည်။ နွားကြီးလည်း သေအံ့ဆဲဆဲတွင် နောင်ဘဝလူဖြစ်ခဲ့သည်ရှိသော် သူ့ကိုသတ်သူများအား ပြန်သတ်ရလို ကြောင်း ဆုတောင်းရင်း သေဆုံးသွားတော့သည်။ သေလွန်ပြီးလူပြန်ဖြစ်တော့ မကုဋတောင် အနီးတစ်ဝိုက်မှာ မုဆိုးကြီးဖြစ်ပြီး နွားကြီးကိုသတ်သူများဟာ ထိုတောင်အနီးမှ တောကြီးတွင် သားသမင်များ ဖြစ်ကြတော့သည်။
မုဆိုးကြီးလည်း သားသမင်များကို သတ်ဖြတ်ပြီး ၉၉ ယောက်သော ဖောက်သည်များအား ရောင်းချကာ ပျော်မွေ့နေတော့သည်။ ထိုအချိန်တွင် သိကြားမင်းသည် မုဆိုးကြီး၏အကုသိုလ် ထူပြောနေမှုကို ကယ်တင်ဖို့ လူ့ပြည်ဆင်းပြီး မုဆိုးယောင်ဆောင်ကာ လေးခြင်းပြိုင်ပါတော့သည်။ မုဆိုးကြီးလည်း လေးခြင်းပြိုင်ရာ မနိုင်သောကြောင့် သိကြားမုဆိုး တောင်းဆိုသည့်အတိုင်း သားဖိုပစ်သည့်နေ့တွင် သားမကိုမပစ်ရ သားမပစ်သည့်နေ့တွင် သားဖိုမပစ်ရ ဟူသောကတိ ပေးလိုက်ရတော့သည်။ အဲဒီကတိကို ခံယူခဲ့သည့်အတွက် သစ္စဗန္ဓမုဆိုးဟုခေါ်တွင်ခဲ့သည်။ သစ္စဗန္ဓမုဆိုးလည်း ကတိစကားအတိုင်း သားဖိုပစ်မည့်နေ့တွင် သားမများ လာ၍ သားမပစ်မည့်နေ့တွင် သားဖိုများသာလာသောကြောင့် မုဆိုးအလုပ်ကိုစွန့်လွှတ်ပြီး မကုဋတောင်၌ သစ္စဗန္ဓ ရသေ့အဖြစ် တရားရှာတော့သည်။
သစ္စဗန္ဓမုဆိုး ရသေ့ဝတ်ပြီး များမကြာမီ မြတ်စွာဘုရားရှင်သည် ညီတော်အာနန္ဒာအားခေါ်၍ သုနာပရန္တတိုင်းသို့ နောက်ပါရဟန္တာ (၄၉၉) ပါးနဲ့အတူ စန္ဒကူး ကျောင်းတော်အလှူခံရန် စီစဉ်ဖို့ မိန့်မှာလိုက်လေသည်။ သိကြားမင်း၏ ညွှန်ကြားချက်အရ ဝိသကြုံနတ် သားလည်း မြတ်စွာဘုရားရှင်နှင့် ရဟန္တာများ ကောင်းကင်ခရီးဖြင့် ကြွနိုင်ရန် ရထားပျံ (၅၀၀) ကိုဖန်ဆင်းလေတော့သည်။ မြတ်စွာဘုရားရှင်လည်း သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှ ရထားပျံ ငါးရာ ရဟန္တာ (၄၉၉) ပါးနှင့် အတူ ကြွတော်မူလာပြီး သစ္စဗန္ဓတောင်သို့ ရောက်လေသော် ပြဿဒ်ဆောင် ရထားပျံများအား ကောင်းကင်တွင် ထားတော်မူ၍ သစ္စဗန္ဓရသေ့ကြီးအား သစ္စာလေးပါးမြတ်တရားကို ဟောကြားတော်မူတဲ့အခါ ထိုးထွင်းသိမြင်ပြီး ဧဟိဘိက္ခူရဟန်း ဖြစ်လေတော့သည်။
မြတ်စွာဘုရားနှင့်အတူ ရဟန္တာများ စန္ဒကူးနံ့သာ ကျောင်းတော်ကြီးကို အလှူခံရန် ဆက်လက်ကြွချီတော်မူရာ သစ္စဗန္ဓရဟန်း လည်း အလွတ်ပါလာတဲ့ ရထားပျံနဲ့ လိုက်ပါကြွချီခွင့် ရခဲ့သည်။ ဘုရားရှင်လည်း ကျောင်းတော်ကြီးကို အလှူခံတော်မူပြီး (၇)ပတ်လုံး သီတင်းသုံး၍ တရားရေအေး တိုက်ကျွေးတော်မူရာ တစ်နေ့လျှင် ၇၈၀၀၀ ကုန်သော လူပရိတ်သတ်တို့ ကျွတ်တမ်းဝင်ခဲ့သည်။ မြတ်စွာဘုရားရှင် သာဝတ္ထိပြည်သို့ ပြန်လည်ကြွတော်မူရာ နမ္မဒါမြစ်ကမ်းသို့အရောက်တွင် နမ္မဒါနဂါးမင်းက နဂါးပြည်ကိုပင့်တဲ့အတွက် နဂါးအပေါင်းအား တရားဓမ္မချီးမြှင့် ခဲ့လေသည်။ နမ္မဒါနဂါးမင်းက အစဉ်မပြတ်ကိုးကွယ်ရန် ဘုရားရှင်ကိုယ်စား ပေးသနားတော်မူပါရန် လျှောက်ထားရာ နမ္မဒါမြစ်ကမ်း၌ (၁၀၈) ကွက် စက်လက္ခဏာနှင့် ပြည့်စုံသော လက်ဝဲဘက် ခြေတော်ရာကို နင်းချရ ပေးသနားတော် မူခဲ့သည်။
တစ်ဖန် သစ္စဗန္ဓတောင်သို့ ကြွတော်မူ၍ သစ္စဗန္ဓ ရဟန္တာကို "ချစ်သားသင်သည် မုဆိုးဘဝက မိစ္ဆာဝါဒီအမှုပြုခဲ့လို့ အပါယ်လမ်းကို ရောက်ခဲ့ပြီ အခုအခါမိစ္ဆာလမ်းကို စွန့်ခွာလို့ နိဗ္ဗန်လမ်းကိုတည့်အောင် သာသနာပြုရစ်ခဲ့ပေတော့''ဟု ဆုံးမဟောပြခဲ့လေသည်။ သစ္စဗန္ဓ ရဟန္တာက ပူဇော်ဆည်းကပ်ကိုးကွယ်နိုင်ရန် ကိုယ်စားတော်တစ်ခု ပေးသနား တော်မူပါဟု လျှေက်ထားသဖြင့် ကျောက်ဖျာပေါ်တွင် (၁၀၈) ကွက် စက်လက္ခဏာ ဝဲဘက်ခြေတော်ရာ တစ်ဆူကို ချထားတော်မူခဲ့သည်။ ထိုခြေတော်ရာနှစ်ဆူကို သရေခေတ္တရာပြည့်ရှင် ဒွတ္တဘောင် မင်ကြီးလက်ထက်မှ စတင်ကာကိုးကွယ်တော် မူခဲ့သည်။ သိုဟန်ဘွားမင်းလက်ထက်တွင် မြန်မာပြည် အရပ်ရပ်ရှိ ဘုရားစေတီ ပုထိုးများအား ဖျက်ဆီးခဲ့သေးသည်။ ရွှေစက်တော်ဘုရားမှာ (၁၂၇) ခုနှစ် မင်းကိုးဆက်တိုင်တိုင် တိမ်မြုပ် ပျောက်ကွယ်ခဲ့သည်။
သက္ကရာဇ် (၉၉၆) ခုနှစ် သာလွန်မင်းတရားကြီး လက်ထက်မှစတင်ကာ" တောင်ဖီလာဆရာတော်က ရွှေစက်တော် ဆိုတာ ပါဠိအဌကထာထဲမှာ အထင်အရှား တွေ့ရတယ် ဒါကြောင့် ရွှေစက်တော်ကိုဖူးရအောင် သွားရှာရမယ်'' ဟု ဆိုလေသည်။ ထိုအခါ သာလွန်မင်းတရားကြီးက အခြားဆရာတော်များနှင့် တိုင်ပင်ပြီးမှ ရှာကြရန် လျှောက်ထား သည်။ ထိုဆရာတော်များမှာ အနန္တဆရာတော်၊ အရိယာလင်္ကာရဆရာတော်၊ တိလောက လင်္ကာရဆရာတော် သုံးပါးနှင့် တောင်ဖီလာ ဆရာတော်အပါအဝင် နောက်ပါဆရာတော် သံဃာတော် (၁၂) ပါးတို့နှင့်အတူ ရွှေစက်တော်ရာ နှစ်ဆူကို အရှာထွက်ကြသည်။ ဖြူကုန်းရွာနားက မယှက်ရွာရောက်တော့ သစ်ပင်ကြီး တစ်ပင်အောက်မှာ ညအိပ်နားခို ကျိန်းစက်တော်မူကြသည်။ ညကျိန်းစက်စဉ် တောင်ဖီလာ ဆရာတော်မှ အိပ်မက်မြင်မက် တော်မူသည် အိပ်မက်ထဲတွင် မုဆိုးကြီးတစ်ယောက်က "အရှင်ဘုရား ဟောဒီတော တောင်ကြီးများဟာ အင်မတန် ဘေးအန္တရာယ် များဒါကြောင့် မနက်မိုးသောက် အလင်းရောက်တဲ့အခါ ခွေးနက်ကြီးတစ်ကောင် တွေ့ပါလိမ့်မယ် အဲဒီခွေးနက်ကြီးနောက် လိုက်သွားပါဘုရား'' ဟု အိပ်မက် မက်ခဲ့သည်။ မနက်မိုးလင်းသော် တောင်ဖီလာ ဆရာတော်နှင့် ဆရာတော်သံဃာတော်များဟာ ရွှေစက်တော်ရှာရန် တောထဲဝင်ခဲ့တော့သည်။
တောထဲရောက်သော် အိပ်မက်ထဲကအတိုင်း ခွေးနက်ကြီးကို တွေ့ကြရသည်။ အဲဒီခွေးနက်ကြီးက အောက်ခြေ တော်ရာ ရောက်သည်အထိ လမ်းပြခေါ်ဆောင်လာခဲ့သည်။ အောက်ခြေတော်ရာကိုတွေ့သော် ဖူးမြော်နေစဉ် ဘီလူးကြီးတစ်ကောင် ပေါ်လာပြီး "အရှင်ဘုရားတို့ တောင်ပေါ်မှာ စက်တော်ရာတစ်ဆူ ကျန်ပါသေးတယ်'' ဟုလျှောက်ထား၍ တောင်ထိပ်သို တက်ခဲ့သော် သစ္စဗန္ဓတောင်ပေါ်တွင် ခြေတော်ရာတစ်ဆူ ထပ်မံတွေ့ရှိခဲ့သည်။ နမ္မဒါကမ်းဦး၌ နင်းပြတော်မူသည့် ခြေတော်ရာကို အောက်ခြေတော်ရဟူ၍လည်းကောင်း၊ တဖန်သစ္စဗန္ဓမထေရ်၏ လျှောက်ထားတောင်ပန်မှုကြောင့် တောင်ထိပ်ရှိ ကျောက်ဖျာ ပေါ်တွင် ဝဲဘက်ခြေတော်ရာ တစ်ဆူကို ချထားပေးနားတော် မူခဲ့ရာ ယနေ့တိုင် ခြေတော်ရာနှစ်ဆူကို လူအများ ဖူးမြော်ခွင့်ရနေတော့သည်။ ယနေ့အခါ ဗုဒ္ဓဘာသာဝင် ဘုရားဖူးပြည်သူအပေါင်းသည် ရှေးအခါမှစ၍ စည်ကားသိုက်မြိုက်စွာ
ဇေယျာထက် (မင်းဘူး)