ပုသိမ် မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်၊ ရေလိန်ကျေးရွာတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြဲပက်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အီးအမ်ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်မှုနှင့် ဝါးခယ်မ မြို့နယ်မှတောင်သူတစ်ဦးကထုတ်လုပ်သည့် သဘာဝမြေဩဇာများအား ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ဘဏ်ချေးငွေများ ထုတ်ချေးပေးနေမှု၊ သွင်းအားစုများနှင့် စက်သုံးဆီများအချိန်မီရရှိစေရေးဆောင်ရွက်ထားရှိမှု၊ သဘာဝမြေဩဇာများ ကိုယ်တိုင်ထုတ်လုပ်အသုံးပြုကြရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများအား အင်တိုက်အားတိုက်ဆောင်ရွက်ကြစေရေး စသည့်စိုက်ပျိုးရေးကိစ္စရပ်များဆွေးနွေးပြောကြားခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများထံသို့ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ခဲ့ကာ တောင်သူများနှင့်အတူ ပိုက်ဆံလျှော်မျိုးစေ့များ ကြဲပက်ပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တော်ဝင်ဆန်စက် (၂) သို့သွားရောက်၍ ဆန်စပါးဝယ်ယူရောင်းချမှု၊ ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေများ၊ စပါးခွံလောင်စာသုံး Gasifier ဖြင့် စက်ရုံလည်ပတ်မှုအခြေအနေများ၊ Gasifier စနစ်မှထွက်ရှိသည့်ရေဆိုးများအား ရေစစ်ကန်စနစ်ဖြင့်ဆောင်ရွက်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြမှုအပေါ် အရည်အသွေးမြင့်ဆန်များထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းသာမက ပြည်ပသို့ တင်ပို့နိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဝါးခယ်မမြို့နယ်၊ ကျွန်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် အလှူရှင်များမှဆောက်လုပ်လှူဒါန်းသည့် ၁၆၀ပေ×၃၀ပေ Steel Structure တစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ အလှူရှင်မိသားစုနှင့်အတူ ကျောင်းသစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
လှမင်းထွဋ် (ပြန်/ဆက်)