ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော် ကန်ကြီးထောင့်မြို့နယ်၌ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်း၊ ကြဲပက်ခြင်း နှင့် EM ဘိုကာရှီမြေဆွေး လက်တွေ့သရုပ်ပြ ပြုလုပ်သုံးစွဲခြင်း အခမ်းအနားသို့ တက်ရောက်

ကန်ကြီးထောင့် မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီမှပြုလုပ်သည့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်း၊ ကြဲပက်ခြင်းနှင့်EM ဘိုကာရှီမြေဆွေး လက်တွေ့သရုပ်ပြပြုလုပ်သုံးစွဲခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာ၊ ရွှေကွင်းသာယာခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေး‌ကျော်နှင့် တာဝန်ရှိသူများက တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများမှသစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များအား တောင်သူများထံသို့ ပေးအပ်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက EM ဘိုကာရှီမြေဆွေးလက်တွေ့သရုပ်ပြပြုလုပ်သုံးစွဲခြင်းအား ကြည့်ရှုခဲ့ကြရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့် ဝန်ထမ်းများက လိုက်လံပြသရှင်းလင်းခဲ့ကြပြီး ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာရှိ ဦးပိုင်အမှတ် ၁၈၆ ဂ ၊ ကွင်းအမှတ် ၇/စ၊ တောင်သူ ဦးမျိုးမြင့်၏ လယ်ဧရိယာ ၃ ဧကအတွင်း ပိုက်ဆံ‌လျော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့များအား (၁) ဧကလျှင် (၄) ပြည်နှုန်းဖြင့် စုပေါင်းကြဲပက်ခဲ့ကြသည်။

ဆက်လက်၍ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဆန်းချစ်က စက်သုံးဆီးကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးဦးနေထက်ရှိန်က ဓါတ်မြေဩဇာကိစ္စရပ်နှင့်ပတ်သက်၍လည်းကောင်း တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)