အင်းတော် ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မော်တိတ်နည်းပညာ ပြန့်ပွားရေးစင်တာ နယ်မြေအတွင်းရှိ ဆိပ်သာကျေးရွာ တောင်သူ ဦးသောင်းဟန်၏ လယ်ယာမြေကွက်တွင် စိုက်ပျိုး ထားသော ဆောင်းသီးနှံ (နေကြာ) စိုက်ခင်းအား ပိုးမွှားကျရောက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အင်းတော် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင်ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်းတော်မြို့နယ် အတွင်းရှိ နေကြာစိုက်ခင်းနှင့် အခြားသီးနှံစိုက်ခင်းပင်များအတွင်း ဓာတုပိုးသတ် ဆေးအစား သဘာဝ ပိုးသတ်ဆေး၊ သဘာဝပိုးနှင်ဆေးနှင့် သဘာဝဓာတ်မြေဩဇာ များအား သုံးစွဲရန်၊ သဘာဝပိုးသတ်ဆေး၊ သဘာဝပိုးနှင် ဆေးနှင့် သဘာဝဓာတ်မြေဩဇာများအား တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲတတ်စေရန်၊ ဆောင်းသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ လျာထား ချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး၊ မိမိတို့စိုက်ပျိုးထားသော သီးနှံပင်များ ဖြစ်ထွန်း အောင်မြင် နိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ်များ၊ အထွက်တိုးမျိုးများကို စိုက်ပျိုးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တောင်သူ များအနေဖြင့် ခေတ်မီစိုက်ပျိုးနည်းစနစ်များကို လေ့လာရန် သက်ဆိုင်ရာနည်းပညာပေး စင်တာနယ် မြေအတွင်းရှိ တာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း အင်းတော် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသိန်းခိုင်က မှာကြားခဲ့ကြောင်းသိရသည်။
ခန့်ဇော်ပိုင်(ပြန်/ဆက်)