မော်လမြိုင်ကျွန်းမြို့နယ်၌ KG,G-1 နှင့် မူကြို သင်ပြနည်းစနစ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်း ဖွင့်ပွဲကျင်းပ

မော်လမြိုင်ကျွန်း မေ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ငုဝါဆောင်ခန်းမ၌ ယနေ့နံနက် (၉) နာရီက KG,G-1 နှင့် မူကြိုသင်ပြနည်းစနစ်ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲ​​ရေးနှင့်အုပ်ချုပ်ရေးကော်မတီ​ဥက္ကဋ္ဌ ဦးခင်မောင်ဦးက ယခုသင်တန်းတွင် မူကြိုကလေးများ၏ သိမြင်မှုဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေး၊ စိတ်ခံစားမှုနှင့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများ ရရှိစေရေးအတွက် ချိတ်ဆက်သင်ကြားနည်းများကို အထူးလေ့လာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ မိမိတို့ကျောင်းများတွင် မူကြိုပညာရေးတိုးတက်အောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုကြောင်းနှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးလုပ်ငန်းများကို မေ ၂၅ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းများမကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားကြရန်၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေးနှင့် တန်းစဉ်ကူးပြောင်းမှု လျော့နည်းမှုမရှိစေရေးအတွက် လိုအပ်ချက်များကို တင်ပြဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးခင်မောင်ဝင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်တို့က သင်တန်းတက်ရောက်သည့် ဆရာ၊ ဆရာမများအား လမ်းညွှန်အမှာစကားပြောကြားခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်လှိုင်၊ မြို့နယ်ပညာရေးမှူး ဦးမင်းမင်းထွန်းနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို မေလ (၁၄) ရက်နေ့မှ (၂၃) ရက်နေ့ အထိ (၁၀) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)