မုံရွာ မေ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မိုးဦးကျရာသီဖြစ်တဲ့အတွက် နွေရာသီမှ မိုးရာသီသို့ ရာသီဥတု အကူးအပြောင်းတွင် တိရစ္ဆာန်များ ကူးစက်ရောဂါဖြစ်ပွားမှု မရှိစေရန်အတွက် ရည်ရွယ်ပြီး တိရိစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက မုံရွာမြို့နယ်အတွင်းရှိ ချမ်းမြဝတီရပ်ကွက်၊ စက်မှုဇုန်ရပ်ကွက်နှင့် ညောင်ပင်၊ ခံတော၊ မရိုးတော၊ ဖန်းခါးကျင်း ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိသည်။
ဦးစွာ ရက် (၁၀၀) စီမံချက်ဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာ မြင့်အေး၊ ခရိုင်ဦးစီးမှူး ဒေါက်တာဥမ္မာအေးနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာ အိအိအောင်တို့ ဦးဆောင်သောဝန်ထမ်းများက အဆိုပါရပ်ကွက်နှင့် ကျေးရွာများရှိ တစ်ပိုင် တစ်နိုင်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ဒေသတွင်း အသားစားသုံးမှု ဖူလုံစေရေးနှင့် မိသားစုဝင်ငွေတိုးပွားစေရေးအတွက် တစ်ပိုင်တစ်နိုင် အခြေခံမွေးမြူမှုနည်းစနစ်များ၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများ၊ ဇီဝလုံခြုံမှုတိုးမြှင့်ရေး၊ တိရစ္ဆာန်အစာပင် စနစ်တကျ စိုက်ပျိုးခြင်း နည်းစနစ်များနှင့် အစာကျွေးမွေးမှုနည်းစနစ်များအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး ၎င်းတို့၏ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တို့အား တိရိစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြသည်။
ထိုသို့ထိုးနှံပေးရာတွင် ကျွဲ၊ နွားကောင်ရေ ၁၀၀၀ နှင့် သိုး၊ဆိတ် ကောင်ရေ ၅၀၀ တို့ကို ကျွဲ၊နွား ဒေါင့်သန်းရောဂါ ကာကွယ်ဆေး၊ ပေါင်ပုပ်လက်ပုပ်ကာကွယ်ဆေးနှင့် ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)