ကရင်ပြည်နယ်ဂုဏ်ဆောင်မည့် မောင်မယ်များအဖြစ် ဆုတံဆိပ်များရရှိနိုင်ရေး အားသွန်ခွန်စိုက်ကြိုးစားကြစေလို

ဘားအံ မေ ၁၄

ဘားအံရေကြောင်းလူငယ်စခန်း နွေရာသီရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းသား/သင်တန်းသူများအား ဂုဏ်ပြုသည့်ညစာစားပွဲအခမ်းအနားကို မေ ၁၃ ရက် ညခင်းပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စခန်းပေါင်းစုံတွေ့ဆုံပွဲတွင်လည်း စည်းကမ်းရှိစွာနေထိုင်ကြပြီး ဘာသာရပ်အလိုက်ပြိုင်ပွဲများတွင်လည်း ပြည်နယ်ဂုဏ်ဆောင်မည့် မောင်မယ်များအဖြစ် ဆုတံဆိပ်များရရှိနိုင်ရေးအားသွန်ခွန်စိုက်ကြိုးစားကြစေလိုကာ ဆုတံဆိပ်များရရှိခဲ့မည်ဆိုပါက ပြည်နယ်အစိုးရမှ ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊သင်တန်းသူ၊နည်းပြ၊ အုပ်ချုပ်သူ(၁၄၁)ဦးအတွက် လေ့လာရေး ခရီးစဉ်တွင်အသုံးပြုရန် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၇၀၅၀၀၀ဝ ကို တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးထံ ချီးမြှင့်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်း အမျိုးသား/အမျိုးသမီး အပြည်ပြည်ဆိုင်ရာဝမ်းပြားလှေ (၄)ယောက်လှော်ပြိုင်ပွဲ၊ Optimist ရွက်လှေပြိုင်ပွဲ၊ စစ်ရေးပြအကောင်းဆုံးထူးချွန်ဆု၊ ကြိုးချည်/ကြိုးထိုးအကောင်းဆုံးထူးချွန်ဆု၊ အလံအချက်ပြအကောင်း ဆုံးအဖွဲ့ထူးချွန်ဆု၊ စာပေထူးချွန်ဆုရရှိကြသူများကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြရာ သင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တောင်ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်မှ အရာရှိ/စစ်သည်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ ရေကြောင်းလူငယ်သင်တန်းသား၊သင်တန်းသူများက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)